ပြင်သစ်လိဂ်အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဒမ်ဘီလီ
ပြင်သစ်ကလပ် PSG အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဒီရာသီ ပြင်သစ်လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆု(Ligue 1 Player of the Year)ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၁၉၉၃-၉၄ ဘောလုံးရာသီက စတင်ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ပြီးခဲ့တဲ့(၅)ရာသီဆက်တိုက် PSG တိုက်စစ်မှူး(ဟောင်း)ဘာပေက ဆွတ်ခူးခဲ့ပြီး ဘာပေမရှိတော့တဲ့အချိန်မှာ ဒမ်ဘီလီက ဒီဆုကို ပထမဆုံးဆွတ်ခူးနိုင်ခဲ့တာပါ။

၂၀၁၄-၁၅ ဘောလုံးရာသီက ဒီဆုကို လိုင်ယွန်တိုက်စစ်မှူးလာကာဇက် ရယူဆွတ်ခူးခဲ့ပြီးနောက်ပိုင်း နောက်ဆုံးဆယ်စုနှစ်တစ်ခုအတွင်း PSG ကစားသမားတွေကသာ ဒီဆုကို ဆွတ်ခူးခဲ့ကြပြီး ဘာပေမတိုင်မီက အီဘရာဟီမိုဗစ်၊ ကာဗာနီ၊ နေမာအစရှိတဲ့ ကစားသမားတွေက ဆွတ်ခူးခဲ့ကြပါတယ်။
ဒမ်ဘီလီဟာ ဒီရာသီမှာ PSG အသင်း ပြင်သစ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ များစွာခြေစွမ်းပြစွမ်းဆောင်ပေးခဲ့ပြီး သူ့ရဲ့သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေက အသင်းကို အကျိုးပြုခဲ့ပါတယ်။

ဒမ်ဘီလီအနေနဲ့ ဒီရာသီပြိုင်ပွဲစုံမှာ (၄၆)ပွဲကစားထားပြီး (၃၃)ဂိုးသွင်း(၁၃)ဂိုးဖန်တီးကာ အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒမ်ဘီလီအနေနဲ့ သွင်းဂိုး(၈)ဂိုး၊ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားပြီး အရင် PSG အသင်းမှာ ဘာပေတင်ထားတဲ့ ချန်ပီယံလိဂ်ဂိုးပါဝင်ပတ်သက်မှုစံချိန်(၁၁ ဂိုး)ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဒမ်ဘီလီဟာ ဒီနှစ်အတွက် ချီးမြှင့်မယ့် Ballon d'Or ဆုကိုလည်း ရယူဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။