UEFA Nations League ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေမှာ ပြင်သစ်၊ ပေါ်တူဂီ၊ အီတလီတို့ ရှုံးနိမ့်ခဲ့ပြီး ခရိုအေးရှား၊ ဒိန်းမတ်၊ ဂျာမနီအသင်းတို့က နိုင်ပွဲတွေရခဲ့ပါတယ်။

နာမည်ကြီးနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုဖြစ်တဲ့ နယ်သာလန်နဲ့ စပိန်ပွဲကတော့ စပိန်ရဲ့နောက်ကျချေပဂိုးကြောင့် (၂-၂)ဂိုးနဲ့ သရေကျခဲ့ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက ပြိုင်ဘက်(၂)သင်းဖြစ်ခဲ့တဲ့ နယ်သာလန်-စပိန်ပွဲမှာ စပိန်က (၉)မိနစ်မှာကတည်းက နီကိုဝီလီယံရဲ့ဂိုးနဲ့ ဦးဆောင်ဂိုးရခဲ့သလို ပွဲကိုလွှမ်းမိုးကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့ပေမယ့် မိနစ်(၉၀)အထိဂိုးထပ်မသွင်းနိုင်ဘဲ ပွဲချိန်(၂၈)မိနစ်မှာ ဂတ်ပို၊ (၄၆)မိနစ်မှာ ရိန်းဒါးစ်တို့ သွင်းတဲ့ဂိုးတွေကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

ပွဲချိန်(၉၀+၂)မိနစ်မှာ မယ်ရီနိုက နောက်ကျချေပဂိုးသွင်းနိုင်လို့ စပိန်အသင်း ပထမအကျော့မှာ ရှုံးပွဲမတွေ့ဘဲ အခြေအနေကောင်းသွားခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲပြိုင်ဘက်(၂)သင်းဖြစ်ခဲ့တဲ့ ခရိုအေးရှား-ပြင်သစ်ပွဲမှာလည်း ပြင်သစ်အသင်းဘက်က ဘာပေ၊ ဒမ်ဘီလီတို့ရဲ့ကန်ချက်တွေ ဂိုးမဖြစ်ခဲ့ဘဲ ခရိုအေးရှားဘက်က ဘူဒီမာ(၂၆ မိနစ်)နဲ့ ပါရီဆစ်(၄၆)မိနစ်တို့ သွင်းတဲ့ဂိုး(၂)ဂိုးနဲ့ နာမည်ကြီး ပြင်သစ် ရေတိမ်နစ်ခဲ့ရပါတယ်။

နာမည်ကြီး အီတလီနဲ့ ဂျာမနီပွဲမှာ ဧည့်သည်ဂျာမနီအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စီးကစားခဲ့ပြီး ညာတောင်ပံမှာ ကင်မစ်ချ်က အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပါတယ်။ အီတလီအတွက် တိုနယ်လီက (၉)မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ် ကင်မစ်ချ်ရဲ့ဖန်တီးပေးပို့မှုတွေကနေ ကလိန်းဒန့်စ်က (၄၉)မိနစ်မှာ ဂေါ်ရက်စကာက (၇၆)မိနစ်မှာ ဂိုးတွေသွင်းယူပြီး အီတလီကို Stadio Giuseppe Meazza မှာ အနိုင်ယူခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့နာမည်ကြီးပေါ်တူဂီအသင်းက အဝေးကွင်းမှာ ဒိန်းမတ်ကို (၀-၁)ဂိုးနဲ့ ရှုံးခဲ့ရတယ်ဆိုပေမယ့် ဒီလောက်ပဲ ဂိုးပေးရတာ ကျေနပ်ရမှာပါ။ ပေါ်တူဂီဂိုးသမားကော်စတာလက်စွမ်းပြကာကွယ်နိုင်လွန်းလို့ ပေါ်တူဂီ ဂိုးပြတ်မရှုံးခဲ့ရတာပါ။ ဒီပွဲမှာ ဒိန်းမတ်ရဲ့ဂိုးကန်ချက်က (၂၃)ကြိမ်အထိရှိပြီး ဂိုးပေါက်တည့်တာ(၉)ကြိမ်အထိရှိပါတယ်။ ပေါ်တူဂီက ဒိန်းမတ်ဂိုးဘက်ကို (၈)ကြိမ်သာခြိမ်းခြောက်နိုင်ပြီး (၂)ကြိမ်သာ ဂိုးပေါကိတည့်ခဲ့တာပါ။ ဒိန်းမတ်အတွက် တစ်လုံးတည်းသောဂိုးကို ဟွိုက်လန်းက ပွဲချိန်(၇၈)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

UEFA Nations League ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွေကို လာမယ့် မတ်(၂၃)ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။