PC နဲ့ Laptop တွေမှာပါ သုံးလို့ရတော့မယ့် Huawei ရဲ့Harmony OS

Huawei ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS ကတော့ တဖြည်းဖြည်းနယ်မြေချဲ့ထွင်မှုကတော့ အတော်လေးအားကောင်းနေတယ်လို့ ဆိုရမှာပါပဲ။ မနှစ်ကပဲ Huawei ရဲ့ စမတ်ဖုန်းနဲ့ Tablet မော်ဒယ်အချို့မှာ Harmony OS ထည့်သုံးခဲ့ပြီး အောင်မြင်ခဲ့ရာကနေ ဒီနှစ်မှာတော့ PC နဲ့ Laptop တွေမှာပါ ထည့်သုံးသွားဖို့ ကြေညာလာခဲ့ပါပြီ။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲဲ့တဲ့ Huawei ရဲ့ "HarmonyOS Computer Technology and Ecosystem Communication Event" မှာ PC နဲ့ Tablet များဖန်တီးထုတ်လုပ်တဲ့ဌာနခွဲရဲ့ ဥက္ကဋ္ဌ Zhu Dongdong က Harmony OS ကို PC version တွေ့ရတော့မယ်ဖြစ်ကြောင်း မိတ်ဆက်လာတာပါ။ 

PC version မှာတွေ့ရမယ့် HarmonyOS Base ဟာဆိုရင် Performance အမြင့်ပိုင်းတွေအတွက် Kernel နည်းပညာ၊ Hacking ပိုင်းတွေအတွက် အထူးလုံခြုံရေးနည်းပညာလို့ဆိုတဲ့ StarShield ၊ Ark Engine နဲ့ Quietly စသဖြင့် နည်းပညာအမြင့်ပိုင်းတွေ သုံးထားတယ်လို့ ဆိုပါတယ်။ 

HarmonyOS Ecosystem မှာဆိုရင် အထူးဖန်တီးထားတဲ့ App ပေါင်း 150 ကျော်အပြင် ပုံမှန် App ပေါင်း 2000 ကျော်ကို ထည့်သွင်းထားပြီး ကွန်ပျူတာအခြေခံအတွက် အတော်လေးအဆင်ပြေတဲ့ App တွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး AI နဲ့ပတ်သက်ပြီး သေချာလေးသုံးလို့ရနိုင်မယ်။ UI ပိုင်းကို သေချာလေးမပြခဲ့ပေမဲ့ Weibo က ဖော်ပြချက်အရ MacOS နဲ့ဆင်တူတယ်လို့ ဆိုပါတယ်။