မန်ယူနိုက်တက်အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူရိုင်ယန်ဂစ်ဟာ သူဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တစ်ခုကို ဆယ်စုနှစ်တစ်ခုအကြာမှာ အပြီးတိုင်ပိတ်သိမ်းလိုက်ရကြောင်း သိရပါတယ်။

ရိုင်ယန်ဂစ်ဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ ဒီစားသောက်ဆိုင်ကို သူ့ရဲ့သူငယ်ချင်းနှစ်ဦးနဲ့အတူ စပ်တူဖွင့်လှစ်ခဲ့တာပါ။

မန်ချက်စတာမြို့အနောက်ဘက် ဝေါစလေအရပ်က ဘာတွန်လမ်းမကြီးပေါ်မှာ George's Dining Room and Bar ဆိုတဲ့အမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဒီစားသောက်ဆိုင်ဟာ တစ်နှစ်ပြီးတစ်နှစ် အရှုံးပေါ်နေပြီး နောက်ဆုံးစာရင်းချုပ်ရာမှာ အရှုံးငွေက ပေါင်သိန်းချီရှိနေတာကြောင့် အခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတာပါ။

ဆိုင်ရဲ့တံခါး၀မှာတော့ "မမျှော်လင့်နိုင်တဲ့ အကြောင်းချင်းရာတွေကြောင့် George's စားသောက်ဆိုင်ကို ကံအကြောင်းမလှစွာ ပိတ်ရတော့မှာဖြစ်ပြီး အဆင်မပြေမှုတွေအတွက် တောင်းပန်ကြောင်း" စာရေးသားထားတာကို တွေ့ရပါတယ်။

ရိုင်ယန်ဂစ်ဟာ ဟိုတယ်စားသောက်ဆိုင်လောကကို စိတ်ဝင်စားသူဖြစ်ပြီး George's စားသောက်ဆိုင်ဖွင့်လှစ်​ပြီးနောက်ပိုင်း အသင်းဖော်ဂယ်ရီနဗီးလ်နဲ့ GG Hospitality Group ကို တည်ထောင်ခဲ့ပါတယ်။ ဂစ်နဲ့ဂယ်ရီ G နှစ်ဦးဟာ မန်ယူနိုက်တက်အသင်းရဲ့အိမ်ကွင်းအနီးမှာ Hotel Football ဆိုတဲ့ ဟိုတယ်တစ်ခုကို ဖွင့်လှစ်ခဲ့သလို၊ မန်ချက်စတာမ​ြို့လယ်မှာလည်း the Stock Exchange Hotel အမည်ရှိ ဟိုတယ်တစ်လုံးကို ဖွင့်လှစ်ခဲ့ပါတယ်။

ဂစ်ဟာ​ စပ်တူဖွင့်လှစ်တဲ့ စားသောက်ဆိုင်တွေနဲ့ အကျိုးမပေးခဲ့ဘဲ လန်ဒန်မြို့ ဝက်စ်ဟမ်းအိမ်ကွင်းအနီးမှာ ဖွင့်လှစ်ခဲ့တဲ့ Cafe Football စားသောက်ဆိုင်ဟာလည်း စားသုံးသူနည်းပါးလွန်းတာကြောင့် ၂၀၁၉ ခုနှစ်မှာ ပိတ်သိမ်းခဲ့ရပါတယ်။