ဥရောပထိပ်တန်းကလပ်အသင်းပြိုင်ပွဲ(၂)ခုဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားစာရင်းမှာ ပေါ်တူဂီကစားသမား(၂)ဦးက ထူးထူးခြားခြားကိုယ်စီ ဦးဆောင်နေကြပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုနဲ့ အသင်းဖော် ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်တို့က ပြိုင်ပွဲတစ်ခုစီမှာ အသီးသီး ဦးဆောင်နေကြတာပါ။
စီရော်နယ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု(၁၈၁)ဂိုး(၁၄၀ ဂိုးသွင်း+၄၁ ဂိုးဖန်တီး)နဲ့ အများဆုံးအဖြစ်ဦးဆောင်နေပြီး အခုအချိန်အထိ သူ့ရဲ့စံချိန်ကို အခြားဘယ်ကစားသမားတစ်ဦးတစ်ယောက်ကမှ လိုက်မမီနိုင်သေးတာပါ။

စီရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီဖို့ အနီးစပ်ဆုံးအခွင့်အရေးရှိနေတဲ့ ခေတ်ပြိုင်ကစားသမားမက်ဆီ ဥရောပမြေကို စွန့်ခွာသွားတာကလည်း စီရော်နယ်ဒိုရဲ့စံချိန်ကို တည်မြဲစေခဲ့ပါတယ်။
မက်ဆီက ဂိုးပါဝင်ပတ်သက်မှု(၁၆၉)ဂိုး(၁၂၉ ဂိုးသွင်း+၄၀ ဂိုးဖန်တီး)နဲ့ ဒုတိယနေရာမှာ ရှိနေတာပါ။
စီရော်နယ်ဒိုအနေနဲ့ ဥရောပမြေကို (၂၀၂၂)ခုနှစ်ကတည်းက စွန့်ခွာခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ သူ့ရဲ့စံချိန်မှတ်တမ်းများစွာကျန်နေခဲ့ပြီး အခုအချိန်အထိ ဒီမှတ်တမ်းအပါအဝင် အခြားစံချိန်မှတ်တမ်းအတော်များများကို ကျန်ကစားသမားတွေက လိုက်မမီနိုင်သေးတာပါ။

စီရော်နယ်ဒိုရဲ့ မန်ယူနိုက်တက်အသင်းဖော်ဟောင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ဘရူနိုဖာနန်ဒက်စ်ကလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု(၄၄)ဂိုး(၂၄ ဂိုးသွင်း+၂၀ ဂိုးဖန်တီး)နဲ့ အများဆုံးအဖြစ်ဦးဆောင်နေပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ယူရိုပါလိဂ်မှာ ဂိုးသွင်းအများဆုံးကစားသမားမဟုတ်ပေမယ့် ဂိုးသွင်းစံချိန်ရှင် အူဘာမီယန်းထက် ဂိုးဖန်တီးမှုမှာ အပြတ်အသတ်ပိုများတာကြောင့် အခုလို ဂိုးပါဝင်ပတ်သက်မှုစာရင်းမှာ အများဆုံးအဖြစ်ဦးဆောင်နေတာဖြစ်ပါတယ်။
Discussion