လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပရီးမီးယားလိဂ်က အပိုဝင်ခွင့်တစ်နေရာရပြီး အဆင့်(၅)အထိ (၅)သင်းအထိဝင်ခွင့်ရမှာဖြစ်ပေမယ့် ဇယားထိပ်ပိုင်းအသင်းတွေအကြား ရမှတ်မပြတ်သားတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက ပြင်းထန် နေပါတယ်။

အထူးသဖြင့် ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)မှာ အမှတ်ပေးဇယားတတိယနေရာက နော်တင်ဟမ်ဖောရက်စ်အသင်းက ရှုံးပွဲတွေ့ခဲ့ပြီး အောက်ကအသင်းတွေဖြစ်တဲ့ မန်စီးတီး၊ ဗီလာတို့က နိုင်ပွဲတွေရခဲ့ကြတာကြောင့် အမှတ်ပေးဇယားအဆင့်(၃၊ ၄၊ ၅၊ ၆၊ ၇)အသင်းတွေကြား ရမှတ်ကွာဟချက် ပိုမိုကျဉ်းမြောင်းလာခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်(၀-၁)အဲဗာတန်ပွဲမှာ အဲဗာတန်ကွင်းလယ်လူ ဒူကူရေးက တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ အိမ်ကွင်း(၉)ပွဲဆက်တိုက်ရှုံးပွဲမရှိမှတ်တမ်းကို ရပ်တန့်ခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ (၂၀၂၄)နိုဝင်ဘာလက နယူးကာဆယ်အသင်းကို (၁-၃)ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲနောက်ပိုင်း အိမ်ကွင်း Venue The City Ground မှာ(၉)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ (၇)ပွဲနိုင်၊ (၂) ပွဲသရေကစားထားပြီး အခုအဲဗာတန်အသင်းကို ရှုံးခဲ့ရတာဖြစ်ပါတယ်။

မန်စီတီးအသင်းက ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ (၅-၂)ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ရခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းက ဦးဆောင်ဂိုး(၂)ဂိုးသွင်းယူထားတာကို ဒီဘရိုင်နား(၃၃ မိနစ်)၊ မာမွတ်ရှ်(၃၆ မိနစ်)၊ ကိုဗာချစ်(၄၇ မိနစ်)၊ မက်အက်တီး(၅၆ မိနစ်)၊ အိုရီလေး(၇၉ မိနစ်)တို့က ချေပဂိုးတွေ၊ အနိုင်ဂိုးတွေသွင်းယူခဲ့ကြတာပါ။

ဗီလာအသင်းကလည်း အဝေးကွင်းမှာ ဆောက်သမ်တန်အသင်းကို ဝက်ကင်စ်၊ မယ်လန်၊ မင်ဂင်တို့ရဲ့ဂိုးတွေနဲ့အနိုင်ယူခဲ့ပါတယ်။

စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လက်စတာအသင်းက ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ (၂-၂)ဂိုးနဲ့သရေကစားပြီး ပရီးမီးယားလိဂ်မှာ (၈)ပွဲဆက်တိုက်ရှုံးပွဲတွေ့နေတာကို ရပ်တန့်နိုင်ခဲ့ပါတယ်။ဒီပွဲမှာ လက်စတာအသင်းရဲ့အင်္ဂလန်တိုက်စစ်မှူးမာဗီဒီဒီက အသင်းအတွက် ပထမချေပဂိုးကို သွင်းယူခဲ့ပြီး လက်စတာအသင်း (၈၈၅)မိနစ်ကြာဂိုးပေါက်ပျောက်နေတာကို ရပ်တန့်ပေးနိုင်ခဲ့ပါတယ်။လက်စတာအသင်းဟာ အခုဇန်နဝါရီ(၂၆)ရက်နေ့က ကစားခဲ့တဲ့ စပါး(၁-၂)လက်စတာပွဲအပြီးကတည်းက ပရီးမီးယားလိဂ်မှာ (၈)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်(၁-၁)ဘရိုက်တန်ပွဲက ဝစ်ဆာရဲ့ဂိုး

နောက်ဆုံးကစားခဲ့တဲ့ အာဆင်နယ်(၁-၁)ဘရိုက်တန်ပွဲမှာလည်း အာဆင်နယ်အသင်းဟာ ပါတေး(၆၁)မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကို ထိန်းမထားနိုင်ဘဲ ပွဲချိန်(၇၄)မိနစ်မှာ ဘရန့်ဖို့ဒ်ကွင်းလယ်တိုက်စစ်ကစားသမား ဝစ်ဆာကို ချေပဂိုးပေးခဲ့ရလို့ ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းက ဇယားထိပ်က (တစ်ပွဲလျော့နေတဲ့)လီဗာပူးလ်အသင်းနဲ့ (၁၀)မှတ်အကွာ (၆၃)မှတ်နဲ့ ဒုတိယနေရာမှာ ဆက်ရှိနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့်(၃၊ ၄၊ ၅)နေရာတွေအတွက် နော်တင်ဟမ်ဖောရက်စ်(၅၇ မှတ်)၊ မန်စီးတီး(၅၅ မှတ်)၊ ဗီလာ(၅၄ မှတ်)၊ ချယ်လ်ဆီး(၅၃ မှတ်)၊ နယူးကာဆယ်(၅၃ မှတ်)တို့က အပြိုင်ဖြစ်နေပြီး ဒီ(၅)သင်းကြား အများဆုံးရမှတ်(၄)မှတ်သာကွာခြားတာကြောင့် လက်ကျန်ပွဲတွေမှာ ဒီအသင်းတွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အားပြိုင်မှုကို ပရိသတ်တွေ စောင့်ကြည့်ရပါဦးမယ်။