နယူးဇီလန်အသင်းက ဖီဂျီအသင်းကို (၇-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(OFC)ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ နယူးဇီလန်အသင်းတိုက်စစ်မှူး ခရစ်ဝုဒ်ဟာ ထူးထူးဆန်းဆန်းအဝါကတ်ပြသခံခဲ့ရပါတယ်။

နော်တင်ဂမ်ဖောရက်စ်အသင်းတိုက်စစ်မှူး ခရစ်ဝုဒ်ဟာ ဒီပွဲမှာ နယူးဇီလန်အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူပြီးနောက် လူစားလဲခံရချိန်မှာ အဝါကတ်ပြသခြင်းခံခဲ့ရတာပါ။

ခရစ်ဝုဒ်ဟာ လူစားလဲခံခဲ့ရချိန်မှာ အရန်ခုံတန်းကို သွားရမယ့်အစား ပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ပေါ်ကို သွားရောက်ပြီး ပရိသတ်တွေကို လက်မှတ်ရေးထိုးပေး၊ဓါတ်ပုံရိုက်တာတွေကို မိနစ်အတော်ကြာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ခရစ်ဝုဒ်ဟာ အရန်ခုံတန်းကို ပြန်ရောက်ချိန်မှာ ကွင်းလယ်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းကို ခံခဲ့ရတာပါ။ ခရစ်ဝုဒ်ဟာ ကွင်းထဲကနေ ထွက်ခွာပြီး ပရိသတ်တွေအတွက် ကောင်းမွန်တဲ့အချက်ကို ပြုလုပ်ဖို့ကြိုးစားခဲ့ပေမယ့် ဘောလုံးပွဲတွေမှာ ခွင့်ပြုချက်မရှိဘဲ ကစားသမားတွေကို ပွဲကြည့်စင်ပေါ် သွားရောက်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်ပါတယ်။

နယူးဇီလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၃)ကြိမ်စလုံး play-offs အဆင့်တွေမှာ အရေးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲခွင့်ဆုံးရှုံးခဲ့ရတာပါ။ အခုအချိန်မှာတော့ နယူးဇီလန်အသင်းဟာ ဗိုလ်လုပွဲအဖြစ် နယူးကာလီဒိုနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားမှာဖြစ်ပါတယ်။ အရေးနိမ့်တဲ့အသင်းကတော့ play-offs အဆင့်ဆက်ပြီးယှဉ်ပြိုင်ရမှာပါ။

နယူးဇီလန်အသင်းအတွက် (၈၁)ပွဲကစားထားပြီး (၄၄)ဂိုးသွင်းယူထားတဲ့ ခရစ်ဝုဒ်က နယူးကာလီဒိုနီးယားအသင်းဟာ ကောင်းမွန်တဲ့အသင်းဖြစ်တဲ့အတွက် ဗိုလ်လုပွဲအတွက်အဆင်သင့်ဖြစ်အောင် သူတို့လုပ်ဆောင်သွားမယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ဆိုထားခဲ့ပါတယ်။