ဖီဖာကလပ်ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ အီဂျစ်ကလပ်အယ်လ်အာလီကို အနိုင်မရဘဲ ဂိုးမရှိသရေကျခဲ့တဲ့ အင်တာမိုင်ယာမီ
၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ
(အုပ်စုအဆင့်)
အယ်လ်အာလီ(၀-၀)အင်တာမိုင်ယာမီ
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်)ပွဲစဉ်တွေ ဒီမနက်မှာ ပထမဆုံးစတင်ခဲ့ရာမှာ အိမ်ရှင်အသင်းအဖြစ် ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရခဲ့တဲ့ အင်တာမိုင်ယာမီအသင်းက အီဂျစ်ကလပ် အယ်လ်အာလီအသင်းကို အနိုင်မကစားနိုင်ဘဲ (၀-၀)ဂိုးရလဒ်နဲ့ သရေကျခဲ့ပါတယ်။

မိုင်ယာမီက Hard Rock Stadium မှာ ကစားခဲ့တဲ့ ဒီပွဲကို အမေရိကန်ပရိသတ်အများစုအပါအဝင် ပရိသတ်(၆၀၉၂၇)ဦးလာရောက်ကြည့်ရှုအားပေးခဲ့ပြီး မိမိပရိသတ်တွေ ရှေ့မှောက်မှာ ကစားရတာဖြစ်ပေမယ့် မက်ဆီဦးဆောင်တဲ့အင်တာမိုင်ယာမီအသင်းဟာ အယ်လ်အာလီအသင်းကို ဂိုးမသွင်းနိုင်ခဲ့တာပါ။
အယ်လ်အာလီအသင်းက ပွဲချိန်(၃၉)မိနစ်မှာ ရခဲ့တဲ့ပယ်နယ်တီကို ဝင်အောင်မသွင်းနိုင်ခဲ့သလို ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ အင်တာမိုင်ယာမီအတွက် အနိုင်ဂိုးဖြစ်စေမယ့် အပိုင်အခွင့်အရေးကို မက်ဆီကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းပေါ်က ထွက်သွားခဲ့လို့ ဒီပွဲက သရေနဲ့သာအဆုံးသတ်ခဲ့ရတာပါ။

ဒီပွဲမှာ အီဂျစ်ချန်ပီယံအသင်းက အင်တာမိုင်ယာမီအသင်းဘက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်ခဲ့ပြီး အီဂျစ်အသင်းရဲ့ပယ်နယ်တီတစ်ဂိုးအပါအဝင် ဂိုးကန်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့တဲ့ အင်တာမိုင်ယာမီဂိုးသမား အော်စကာအူစတာရီက အကောင်းဆုံးကစားသမားဆု(MOTM)ရရှိခဲ့ပါတယ်။
ဒီပွဲကစားချိန်မှာ ကွင်းအတွင်းအပူချိန်က (၃၀)ဒီဂရီစင်တီဂရိတ်လောက်ရှိပြီး ပူအိုက်စိုစွတ်တဲ့ရာသီဥတုကို ခံစားရပေမယ့် အီဂျစ်ကလပ်အယ်လ်အာလီအသင်းရဲ့ကစားသမားတွေက ရာသီဥတုကို ပိုအသားကျနေပြီး အိမ်ရှင်အသင်းထက်တောင် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဒီပွဲမတိုင်မီ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပိုင်ဆိုင်တဲ့ မိုင်ယာမီက Mar-a-Lago အပန်းဖြေစံအိမ်ကို ဆန္ဒပြသူ လူ(၁၀၀၀)လောက်က၀ိုင်းပြီး ဆန္ဒပြခဲ့ကြတာကြောင့် ဒီပွဲကိုရော ဆန္ဒပြမှုတွေကူးစက်လာမလားလို့ တာဝန်ရှိသူတွေပူပန်ခဲ့ရပေမယ့် ဘာပြဿနာတစ်စုံတရာမှ မရှိခဲ့ဘဲ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲက ပြီးဆုံးခဲ့ပါတယ်။