ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းတစ်သင်းမှာ စီရော်နယ်ဒိုကစားနိုင်တယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဖွင့်ဟ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ နွေရာသီမှာကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတစ်သင်းမှာ ပါဝင်ကစားနိုင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ စီရော်နယ်ဒိုလက်ရှိကစားနေတဲ့ အယ်လ်နာဆာအသင်းဟာ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရဘဲ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲအသင်းတွေထဲက အယ်လ်ဟီလယ်အသင်းတစ်သင်းတည်းသာ ပါဝင်ခွင့်ရရှိထားတာပါ။
စီရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ရဲ့စာချုပ်ဟာ ဇွန်လကုန်ရင်ကုန်ဆုံးပြီဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုရခြင်းမရှိသေးသလို အယ်လ်နာဆာအသင်းဟာ သူ့ကို ဒီပြိုင်ပွဲအတွက် အငှားနဲ့ ထွက်ခွာခွင့်ပေးဖို့ အစီအစဉ်မရှိနိုင်ဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့် အင်ဖန်တီနိုက စီရော်နယ်ဒိုဟာ ဒီပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ဆွေးနွေးမှုတွေရှိနေတယ်လို့ ဖွင့်ဟခဲ့ပြီး အားလုံးကို အံ့အားသင့်မှုတွေ ဖြစ်စေခဲ့တာပါ။
IShowSpeed နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်ဖန်တီနိုက "စီရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းတစ်သင်းမှာ ပါဝင်ကစားနိုင်ပါတယ်။ ဆွေးနွေးမှုတွေရှိပါတယ်။ သူဟာ ဒီပြိုင်ပွဲမှာ ပါဝင်ကစားလာနိုင်ပါတယ်။ ဘယ်အသင်းမဆို စောင့်ကြည့်နေပြီး ဒီပြိုင်ပွဲအတွက် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ"လို့ ဆိုခဲ့ပါတယ်။
စီရော်နယ်ဒိုရဲ့ကိုယ်စားလှယ်တွေကတော့ အင်ဖန်တီနိုရဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်နေကြတယ်လို့ The Athletic က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စပိန်သတင်းစာမာကာက အမည်မဖော်လိုတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၀င် ဘရာဇီးလ်ကလပ်အသင်းတစ်သင်းဟာ စီရော်နယ်ဒိုကို ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မက္ကဆီကိုကလပ် မွန်တာရေးအသင်းကလည်း စီရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ရာမို့စ်နဲ့အတူတွဲဖက်ပြီး ကစားစေဖို့ ခေါ်ယူချင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။