လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ ဂျေမီကာရေဂါက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၉၉၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာကစားခဲ့တဲ့ နောက်ခံလူဟောင်းတစ်ဦးပါ။

ဂျေမီကာရေဂါက အင်္ဂလန်လက်ရွေးစင်နောက်ခံလူတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့ရဲ့သားဖြစ်သူ ဂျိမ်းစ်ကာရေဂါ(၂၂ နှစ်)ကတော့ အင်္ဂလန်နိုင်ငံနဲ့ မိုင်ပေါင်း(၁၈၀၀)ကျော်လောက်ဝေးတဲ့ မြေထဲပင်လယ်ထဲကကျွန်းနိုင်ငံငယ်လေးအတွက် ကိုယ်စားပြုကစားမှာ ဖြစ်ပါတယ်။

ဂျိမ်းစ်ကာရေဂါဟာ မော်တာလက်ရွေးစင်အသင်းမှာ ပထမဆုံးအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ (၂၀၂၅ ဖေဖော်ဝါရီလ)အတွင်း ဖခင်ဖြစ်သူဂျေမီကာရေဂါနဲ့ သားဖြစ်သူဂျိမ်းစ်ကာရေဂါတို့ဟာ မော်တာနိုင်ငံသားတွေအဖြစ် တရားဝင်အသိအမှတ်ပြုခံခဲ့ရပြီး ဒီလိုနိုင်ငံသားဖြစ်ပြီးပြီးချင်းမှာပဲ မော်တာလက်ရွေးစင်အသင်းနည်းပြအီမီလီယိုဒီလီယိုက ဂျိမ်းစ်ကာရေဂါကို မော်တာလက်ရွေးစင်အသင်းမှာ ချက်ချင်းရွေးချယ်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ဂျိမ်းစ်ကာရေဂါဟာ အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပေမယ့် သူ့ဖခင်ဘက်က အဘိုးအဘွားတွေက မော်လ်တာနဲ့အိုင်ယာလန်မျိုးနွယ်တွေဖြစ်တာကြောင့် သူ့အနေနဲ့ မော်လ်တာလက်ရွေးစင်အသင်းမှာရော၊ အိုင်ယာလန်လက်ရွေးစင်အသင်းမှာပါ ကစားခွင့်ရှိနေတာဖြစ်ပါတယ်။

လက်ရှိ လိဂ်ဝမ်းကလပ် ဝီဂန်အသင်းမှာ ကစားနေတဲ့ဂျိမ်းစ်ကာရေဂါက သူ့ရဲ့နိုင်ငံ့ကိုယ်စားပြုအသင်းအဖြစ် မော်လ်တာအသင်းကို ရွေးချယ်ခဲ့တာပါ။

မော်လ်တာအသင်းဟာ အခုမတ်လနိုင်ငံတကာရက်သတ္တပတ်မှာ ဖင်လန်၊ ပိုလန်အသင်းတို့နဲ့ (၂၀၂၆)ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမှာဖြစ်ပါတယ်။

ဘောလုံးလောကမှာ ကာရေဂါတို့သားအဖလို ဖခင်ဖြစ်သူနဲ့ သားဖြစ်သူအကြား နိုင်ငံ့ကိုယ်စားပြုအသင်း မတူညီဘဲ ခြားနားတဲ့သားအဖတွေ အများအပြား ရှိကြပါတယ်။ ထင်ရှားသူတွေကတော့ ဖခင် ဂျော့ချ်ဝီယာ(လိုက်ဘေးရီးယား)နဲ့ သားဖြစ်သူတင်မိုသီဝီယာ(အမေရိကန်)၊ ဖခင် အရီမန်ကိုစီနီယာ(ရုရှား)နဲ့ သားဖြစ်သူ အရီမန်ကိုဂျူနီယာ(ဖင်လန်)၊ ဖခင်ဆူလီမန်နီဆာနေး(ဆီနီဂေါ)နဲ့သားဖြစ်သူလီရွိုင်းဆာနေး(ဂျာမနီ)၊ ဖခင်ရော်ဂျာလူကာကူ(ဇိုင်ရာ)နဲ့ သားဖြစ်သူရိုမီလူလူကာကူ(ဘယ်လ်ဂျီယံ)၊ ဖခင်မာဇင်ဟို(ဘရာဇီးလ်)နဲ့ သားဖြစ်သူသီယာဂိုအယ်လ်ကန်တာရာ(စပိန်)၊ ဖခင်မာ့ခ်ရှဝါဇာ(ဩစတြေးလျ)န​ဲ့ သားဖြစ်သူ ဂျူလီယန်ရှဝါဇာ(ဖိလစ်ပိုင်)အစရှိသူတို့ ဖြစ်ပါတယ်။