စပါးအသင်းက AZ အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်မှာ စပါးအသင်းရရှိတဲ့ ဖရီးကစ်ကို ကန်ဖို့ ကတောက်ကဆဖြစ်နေတဲ့ ကွင်းလယ်လူ မက်ဒီဆန်နဲ့ နောက်ခံလူ ပေါ်ရိုတို့ကြားထဲကို အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ဝင်ရောက်ပြီး ဖျန်ဖြေခဲ့ရပါတယ်။
စပါးအသင်းက AZ အသင်းကို (၁-ဝ)ဂိုးနဲ့ဦးဆောင်နေတဲ့ ပထမပိုင်းမပြီးခင် ဖရီးကစ်ကန်သွင်းခွင့်ရချိန်မှာ မက်ဒီဆန်က ဘောလုံးကို ရယူကာ ကန်သွင်းဖို့ ပြင်နေချိန် ပေါ်ရိုက သူ့ဆီကနေ ဘောလုံးကို ရယူဖို့ ကြိုးစားခဲ့တာပါ။
သူတို့နှစ်ဦးဟာ ဖရီးကစ်ကန်ဖို့ အပြန်အလှန်အချင်းများနေကြချိန်မှာ ဆွန်ဟောင်မင်က ဝင်ရောက်လာခဲ့ပြီး ဖျန်ဖြေမှုပြုလုပ်ကာ မက်ဒီဆန်ကို ဖရီးကစ်ကန်သွင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေက ဖရီးကစ်ကန်သွင်းဖို့လုနေကြတဲ့ ဒီဖြစ်ရပ်ဟာ ရှက်ဖို့ ကောင်းပြီး ဆွန်ဟောင်မင်က အမုန်းတရားမရှိတဲ့ ဘောလုံးသမားဖြစ်တယ်လို့ သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာ စပါးအသင်းရရှိတဲ့ ဒုတိယမြောက်သွင်းဂိုးကို မက်ဒီဆန် သွင်းယူချိန်မှာတော့ ပေါ်ရိုဟာ သူနဲ့အတူ အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ စပါးအသင်းဟာ AZ အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၃-၂)ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်ရောက်ကာ ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ယူရိုပါလိဂ်ဖလားဟာ ဒီရာသီမှာ စပါးအသင်းအတွက် ဆုဖလားရယူနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေတဲ့ စပါးအသင်းဟာ လာမယ့်လိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion