လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ စီစဉ်နေတဲ့ အာဆင်နယ်အသင်းဟာ ဖရန့်ဖတ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ပြင်သစ်တိုက်စစ်မှူး ဟူဂိုအီကီတီကီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
အာဆင်နယ်အသင်းဟာ ဆွီဒင်တိုက်စစ်မှူး အစ်ဆက်ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားပေမယ့် နယူးကာဆယ်အသင်းရဲ့ပေါင်သန်း(၁၅၀)ဈေးနှုန်းသတ်မှတ်မှုကြောင့် ဟူဂိုအီကီတီကီကို ခေါ်ယူဖို့ ပြောင်းလဲပစ်မှတ်ထားလာခဲ့တာပါ။
ဟူဂိုအီကီတီကီကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းအပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းတချို့က စိတ်ဝင်စားနေတာကြောင့် အာဆင်နယ်အသင်းဟာ သူ့ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ဒီရာသီမှာ သွင်းဂိုး(၁၉)ဂိုးသွင်းယူထားတဲ့ ဟူဂိုအီကီတီကီအတွက် ဖရန့်ဖတ်အသင်းဟာ ပေါင်သန်း(၆၀)ဝန်းကျင် လိုချင်နေပါတယ်။ ဟူဂိုအီကီတီကီဟာ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီက နယူးကာဆယ်အသင်းရဲ့ပစ်မှတ်ဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့ကို ပယ်ချခဲ့ပါတယ်။
PSG ကစားသမားဟောင်း ဟူဂိုအီကီတီကီဟာ ပြီးခဲ့တဲ့ အင်္ဂလန်ယူ-၂၁ အသင်းနဲ့ပွဲစဉ်မှာ ပြင်သစ်ယူ-၂၁ အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့သူပါ။ ဒီရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ဘွန်ဒစ်လီဂါနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဟူဂိုအီကီတီကီဟာ သူ့ရဲ့ကစားသမားဘဝကို နောက်ထပ်တစ်ဆင့်တက်ချင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ တိုက်စစ်ကစားသမားတွေရဲ့ဒဏ်ရာကြောင့် ကွင်းလယ်လူမယ်ရီနိုကို တိုက်စစ်မှူးအဖြစ် အသုံးပြုနေရပါတယ်။
အာဆင်နယ်အသင်းဟာ နွေရာသီမှာ ခေါ်ယူဖို့ တိုက်စစ်မှူးသစ်စာရင်းထဲမှာ အစ်ဆက်၊ ဟူဂိုအီကီတီကီအပြင် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယောကရက်စ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကိုတို့လည်း ပါဝင်နေပါတယ်။
Discussion