ဒဏ်ရာကြောင့် အနားယူနေရတဲ့ အင်္ဂလန်တောင်ပံကစားသမား ဆာကာဟာ လာမယ့်အပတ်မှာ ယှဉ်ပြိုင်မယ့် ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းလူစာရင်းထဲ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

တံကောက်ကြောဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရပြီး ဒီဇင်ဘာကတည်းက အနားယူနေခဲ့ရတဲ့ ဆာကာဟာ အာဆင်နယ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်တာပါ။

ဒဏ်ရာက သက်သာပြီးလေ့ကျင့်ခန်းအစီအစဉ်မှာ ဆာကာပြန်ပါဝင်နေပေမယ့် အာဆင်နယ်အသင်းဟာ သူ့ရဲ့အခြေအနေကို သတိထားပြီးစောင့်ကြည့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ ဆာကာကို အသုံးပြုဖွယ်ရှိ/မရှိကို ပွဲကစားဖို့နီးကပ်တဲ့အချိန်မှ အာဆင်နယ်အသင်း နောက်ဆုံး ဆုံးဖြတ်ချက်ကို ချသွားဖို့ရှိနေတာပါ။ ဆာကာအနေနဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ရင် လာမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သေချာပေါက်ပါဝင်လာနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဆာကာပြန်ပါဝင်နိုင်တာက အာဆင်နယ်အသင်းအတွက် သတင်းကောင်းဖြစ်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့အဓိက ကစားသမားဖြစ်တဲ့ ဆာကာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် တရားဝင်ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၄)ပွဲပါဝင်ကစားထားပြီး (၉)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၃)ကြိမ်ပြုလုပ်ထားတဲ့ ဆာကာနဲ့ အာဆင်နယ်အသင်းရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ်နွေရာသီအထိ သက်တမ်းရှိနေပါတယ်။