ပိုစတီကိုဂလူးရဲ့နေရာမှာအစားထိုးဖို့ အိုင်းယက်စ်အသင်းနည်းပြ ဖာရီအိုလီကို စပါးအသင်းစိတ်ဝင်စား
စပါးအသင်းဟာ ဖိအားဒဏ်တွေခံစားနေရတဲ့ နည်းပြပိုစတီကိုဂလူးရဲ့နေရာမှာ အစားထိုးဖို့အတွက် အိုင်းယက်စ်အသင်းရဲ့အီတလီလူမျိုးနည်းပြ ဖာရီအိုလီကို စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ နိုက်စ်အသင်းနဲ့ အလန်ယာစပေါ်အသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ဖာရီအိုလီဟာ အိုင်းယက်စ်အသင်းကို ဒီရာသီအစပိုင်းကမှ စတင်ကိုင်တွယ်ခဲ့ပြီး ဒတ်ချ်အမှတ်ပေးဖလားရယူနိုင်ဖို့ နီးစပ်တဲ့အထိ စွမ်းဆောင်ပေးခဲ့တာပါ။
The Sun က ဖာရီအိုလီဟာ စပါးအသင်းယူရိုပါလိဂ်ဖလားရသည်ဖြစ်စေ/မရသည်ဖြစ်စေ နည်းပြရာထူးအန္တရာယ်ရှိနေတဲ့ နည်းပြပိုစတီကိုဂလူးရဲ့နေရာမှာအစားထိုးဖို့ အသင်းရဲ့နည်းပြပစ်မှတ်တွေထဲက တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖာရီအိုလီဟာ အိုင်းယက်စ်အသင်းကို ဒီရာသီမှာ ဒတ်ချ်အမှတ်ပေးဖလားမရယူပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့လုပ်ဆောင်ခဲ့တဲ့အလုပ်အတွက် အထင်ကြီးမှုတွေရရှိနေတာပါ။
ဖာရာအိုလီဟာ အားကစားလောက ကနေပိတ်ပင်ခံရပြီးနောက် စပါးအသင်းထံ ပြန်လာဖွယ်ရှိနေတဲ့ ပါရာတီချီရဲ့နှစ်သက်မှုကို ရရှိနေတာဖြစ်ပါတယ်။ ပါရာတီချီဟာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ စပါးအသင်းမှာ ဘောလုံးမန်နေဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာ အလုပ်လုပ်ခဲ့ချိန်က ငွေကြေးအလွဲသုံးစားပြုလုပ်မှုနဲ့ ပတ်သက်ပြီး ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာပါ။
စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်တင်ရှုံးပွဲအရေအတွက်နဲ့အတူ အမှတ်ပေးဇယားအဆင့်(၁၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းဟာ ၂၀၀၈ ခုနှစ်က လိဂ်ဖလားရယူပြီးနောက် ပထမဆုံးဆုဖလားရယူနိုင်မယ့် အခွင့်အရေးကောင်းကို ပိုင်ဆိုင်ထားတာပါ။ ဒါကတော့ စပါးအသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် မန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချန်ပီယံဆုရယူနိုင်ခဲ့ရင် (၁၇)နှစ်ကြာဆုဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်မှာဖြစ်သလို လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲလည်း ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။