ပခုံးခွဲစိတ်မှုခံယူမယ့် ဘယ်လင်ဂမ်ကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်အသင်းကြီးမားတဲ့ထိုးနှက်ချက်ကြုံတွေ့

အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ (၁၈)လကြာနာကျင်မှုကိုခံစားကာ ပွဲကစားခဲ့ပြီးနောက် နွေရာသီမှာ ပခုံးခွဲစိတ်မှုခံယူမှာဖြစ်တဲအတွက် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ကြုံတွေ့ရဖွယ်ရှိနေပါတယ်။ ဘယ်လင်ဂမ်ဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာက ဗယ်လက်ကာနိုအသင်းနဲ့ပွဲစဉ်မှာ လဲကျပြီးအဆစ်လွဲသွားခဲ့ပြီးကတည်းက ပခုံးပြဿနာနဲ့ ရင်ဆိုင်ကာ ပွဲအချို့လွဲချော်ခဲ့ရတာပါ။

ဘယ်လင်ဂမ်ဟာ ပခုံးကို မခွဲစိတ်ဘဲ ပွဲတွေကို ဆက်ပြီးကစားနေခဲ့ပေမယ့် လာမယ့်နွေရာသီမှာ ခွဲစိတ်မှုခံယူဖို့ စီစဉ်နေတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြထားတာဖြစ်ပါတယ်။ ဘယ်လင်ဂမ်အနေနဲ့ ခွဲစိတ်မှုခံယူခဲ့ရင် နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မှာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီပြိုင်ပွဲမှာ အယ်လ်ဟီလယ်၊ ဆဲလ်ဘတ်၊ ပါချူကာအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီး ဆုကြေးငွေပေါင်(၉၇)သန်းကျော်အထိ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ခြေစွမ်းပိုင်းကျဆင်းခဲ့လို့ ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေရဲ့ဝေဖန်မှုအများအပြားကို ခံခဲ့ရတာဖြစ်ပါတယ်။ အသက်(၂၁)နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၉)ပွဲပါဝင်ကစားထားပြီး (၁၃)ဂိုးသွင်းယူကာ (၁၄)ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ထားတာပါ။

စိတ်ပျက်စရာကောင်းတဲ့ ရာသီကိုဖြတ်သန်းနေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့ကစားမယ့် ဘာစီလိုနာအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲမရယူနိုင်ခဲ့ရင် လာလီဂါချန်ပီယံဆုကို လက်လွှတ်ရတော့မှာဖြစ်ပြီး နိုင်ပွဲရယူနိုင်ခဲ့ရင် ဘာစီလိုနာအသင်းကို (၁)မှတ်အကွာနဲ့ အမှတ်ပေးဇယားအဆင့်(၂)နေရာက ဖိအားပေးနိုင်မှာဖြစ်ပါတယ်။