Play-Off ဗိုလ်လုပွဲမှာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်တန်းတက်ခွင့်ကို ရယူခဲ့တဲ့ ဆန်းဒါးလန်း
၂၀၂၅ ချန်ပီယံရှစ် Play-Off ဗိုလ်လုပွဲ
ရှက်ဖီးယူနိုက်တက်(၁-၂)ဆန်းဒါးလန်း
ပရီးမီးယားလိဂ်တန်းတက်ခွင့်တစ်နေရာအတွက် ကစားရတဲ့ ၂၀၂၅ ချန်ပီယံရှစ် Play-Offs ဗိုလ်လုပွဲမှာ ဆန်းဒါးလန်းအသင်းက ရှက်ဖီးယူနိုက်တက်အသင်းကို ထပ်ဆောင်းအချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီး(၂-၁)ဂိုးရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။
ဒါကြောင့် ၂၀၁၇ ခုနှစ်က တန်းဆင်းပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ (၈)နှစ်ကြာဝေးကွာနေတဲ့ ဆန်းဒါးလန်းအသင်းကို ပရီးမီးယားလိဂ်ပရိသတ်တွေ တဖန်ပြန်မြင်တွေ့ရတော့မှာပါ။ ဆန်းဒါးလန်းအသင်းအနေနဲ့ ၂၀၁၉ ခုနှစ်မှာ လိဂ်ဝမ်းအထိ တန်းဆင်းခဲ့ပြီး လိဂ်ဝမ်းမှာ (၄)ရာသီကြာ ကျင်လည်ခဲ့ပြီးမှ ချန်ပီယံရှစ်ကို ပြန်တန်းတက် .. .အဲဒီနောက် ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့တာပါ။

ရှက်ဖီးယူနိုက်တက်နဲ့ ဆန်းဒါးလန်းအသင်းတို့အနေနဲ့ ချန်ပီယံရှစ်အမှတ်ပေးဇယားမှာ အဆင့်(၃)(၄) အထက်အောက်ရပ်တည်နေပေမယ့် ရမှတ်ကတော့ (၁၄)မှတ်အထိကွာဟခဲ့ပါတယ်။ ဒါပေမယ့် ဒီ Play-Offs ဗိုလ်လုပွဲမှာတော့ နှစ်သင်းကြား ခြေစွမ်းချင်းသိပ်မကွာဟခဲ့ဘဲ အပြန်အလှန်ဖိအားပေးကစားနိုင်ခဲ့ကြပါတယ်။

ပထမပိုင်းပွဲချိန်(၂၅)မိနစ်မှာ တိုက်စစ်မှူးကမ်းဘဲလ်သွင်းယူခဲ့တဲ့ဂိုးနဲ့ ရှက်ဖီးယူနိုက်တက်က တစ်ချိန်လုံးဦးဆောင်နေခဲ့ပြီး ပွဲချိန်(၇၆)မိနစ်မှာ ဆန်းဒါးလန်းအသင်းကို ချေပဂိုးပေးခဲ့ရပါတယ်။ မိနစ်(၉၀)ပြည့်ချိန်မှာ (၁-၁)ဂိုးနဲ့ သရေကျနေပြီး အချိန်ပို ဆက်ကစားရမယ်လို့ပရိသတ်တွေထင်နေချိန် ထပ်ဆောင်းအချိန်ပို (၉၀+၅)မိနစ်မှာ ဆန်းဒါးလန်းအသင်းအတွက် လူငယ်တောင်ပံကစားသမားဝက်ဆန်က အနိုင်ဂိုးသွင်းခဲ့တာကြောင့် ဆန်းဒါးလန်းအသင်း (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ချန်ပီယံရှစ်အမှတ်ပေးဇယားထိပ်ဆုံးအသင်း(၂)သင်းဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေတို့ တိုက်ရိုက်တန်းတက်ခွင့်ရထားပြီး အခု အဆင့်(၃)က ရှက်ဖီးယူနိုက်တက်ကို ကျော်ဖြတ်ကာ အဆင့်(၄)က ဆန်းဒါးလန်းအသင်းက တန်းတက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဆန်းဒါးလန်းအသင်း ပရီးမီးယားလိဂ်ကို တန်းတက်လာခြင်းနဲ့အတူ ပရီးမီးယားလိဂ်ပရိသတ်တွေအနေနဲ့ ဆန်းဒါးလန်းအသင်းက နာမည်ကြီး လူငယ်ကစားသမား ဂျုပ်ဘ်ဘယ်လင်ဂမ်ကို (အသင်းမပြောင်းခဲ့ရင်) လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။