ပင်ပန်းတဲ့နေ့တွေမှာတောင် ကြည့်ကောင်းနေဖို့ ဒါတွေ သိထားပါ

ပင်ပန်းတဲ့နေ့တွေမှာတောင် ကြည့်ကောင်းနေဖို့ ဒါတွေ သိထားပါ
Photo by bruce mars on Unsplash

ပင်ပန်းပြီး ဘာဝတ်ရမလဲ မစဉ်းစားချင်တဲ့ ရက်တွေ လူတိုင်း ရှိဖူးကြမှာပါ။ အိပ်ရေး မဝလို့၊ စိတ်မကြည်လို့၊ ပင်ပန်းလို့ စတာတွေကြောင့် အပြင်သွားဖို့ ပြင်ဆင်ရတာ အလုပ်တစ်ခုလိုပါ။ ဒါပေမယ့်လည်း အိမ်နေရင်းနဲ့ ထွက်လို့ အဆင်မပြေတဲ့ နေရာတွေရှိတာမို့ ဝတ်ချင်ရာ ဝတ်သွားလို့ကလည်း မရပြန်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ ခေါင်းစားဖို့လည်း မလိုအောင် ဖိုသီဖတ်သီမဖြစ်ဘဲ စတိုင်ကျနေအောင် ပြင်ဆင်နိုင်တဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။

1️⃣ “အမြဲ ဝတ်နေကျ ဝတ်စုံတစ်ခုထားပါ”

လူတိုင်းမှာ ကိုယ်နဲ့လိုက်ပြီး ရိုးရှင်းတဲ့ ဝတ်နေကျဝတ်စုံ တစ်ခုတော့ ရှိကြပါတယ်။ ဂျင်းဘောင်းဘီနဲ့ လက်ရှည်ဖြစ်ဖြစ်၊ ဝတ်နေကျ အင်္ကျီ အနက်ရောင်နဲ့ စကပ်ဖြစ်ဖြစ်၊ အပေါ်အောက် ဆင်တူ နဲ့ အကြိုက်ဆုံး စနီကာ (sneakers) တစ်ရံဖြစ်ဖြစ် လွယ်ကူရိုးရှင်းပြီး ကိုယ်နဲ့လိုက်တဲ့ ဝတ်စုံတစ်ခု သတ်မှတ်ထားပါ။ ဒီဝတ်စုံတွေက ဒီလို ဘာဝတ်ရမှန်း မစဉ်းစားချင်တဲ့ ရက်တွေမှာ အသုံးဝင်ပါလိမ့်မယ်။ 

🧠 Tip: အားတဲ့ရက်တွေမှာ ကိုယ်အကြိုက်ဆုံး ဝတ်စုံတွေကို ဝတ်ပြီး ဓာတ်ပုံရိုက်ထားပါ။ ဒီလိုလုပ်ထားခြင်းဖြင့် ဝတ်စရာ စဉ်းစားဖို့ မလိုဘဲ ဖုန်းထဲက ဖိုတိုအယ်လ်ဘမ်ထဲမှာ ဝတ်စုံ အိုင်ဒီယာတွေ အသင့်ရှိနေပါလိမ့်မယ်။


 2️⃣ “အပေါ်ဝတ်ကောင်းကောင်းတစ်ထည်နဲ့ စတိုင်ကြည့်ပါ”

ခုနက ရိုးရှင်းတဲ့ ဝတ်စုံပေါ်မှာ အပေါ်ဝတ် တစ်ထည်လောက် ထပ်လိုက်ရင် ပိုပြီး စတိုင်ကျတဲ့ ဝတ်စုံတစ်ခု ဖြစ်သွားစေမှာပါ။

ခပ်ပွပွ ကုတ်အင်္ကျီ (oversized blazer)၊ ဂျင်းဂျက်ကတ် (jeans jacket)၊ ခပ်ပါးပါး အပေါ်ဝတ် (cardigan) လိုမျိုးတွေနဲ့ စတိုင်လုပ်ကြည့်လိုက်ပါ။


3️⃣ “တစ်ခုတည်းနဲ့ အဆင်ပြေတဲ့ ဝတ်စုံမျိုး ရွေးချယ်ပါ”

ဒါကတော့ မိန်းကလေးတွေအတွက် ပိုပြီး အသုံးဝင်ပါလိမ့်မယ်။ ဂါဝန်၊ ဂျန့်ပ်စွတ် (jumpsuit)၊ ဝမ်းဆက် စတဲ့ ဝတ်စုံတွေက အပေါ်အောက် လိုက်ဖက်ဖို့ စဉ်းစားစရာမလိုဘဲ စတိုင်ကျနေစေမယ့် ဝတ်စုံတွေပါ။ ကိုယ်နဲ့လိုက်ဖက်ပြီး သက်တောင့်သက်သာလည်းရှိတဲ့ ဒီလို ဝတ်စုံတွေရှိတယ်ဆိုရင် ဝတ်စရာ မစဉ်းစားချင်တဲ့ ရက်တွေအတွက် အသင့်တော်ဆုံးပါပဲ။


4️⃣ “ဝတ်စုံကို ထင်းသွားစေမယ့် အသုံးအဆောင်ပစ္စည်း တစ်ခုရွေးပါ”

ဝတ်ထားတာက အရမ်းရိုးနေရင် ထင်ပေါ်စေတဲ့ အိတ်တစ်ခု၊ နားကပ်တစ်စုံ၊ ဖိနပ်တစ်ရံ စတာတွေက ဝတ်စုံကို ထင်းသွားဖို့ အကူအညီ ဖြစ်စေပါတယ်။ လက်ရှည်၊ ဂျင်းဘောင်းဘီ ဝတ်ပြီး ရွှေရောင် နားကွင်းတပ်တာမျိုး၊ အရောင်ရိုးရိုး ဝတ်စုံကို အရောင်တောက်တောက် အိတ်တစ်ခုနဲ့ တွဲတာမျိုး၊ ဂါဝန်ကို ဖိနပ်ခုံမြင့်တစ်ရံနဲ့ ဝတ်တာမျိုးက ရိုးရှင်းတဲ့ ဝတ်စုံတစ်ခုကို စတိုင်ပိုကျသွားစေတာကို တွေ့ရမှာပါ။


5️⃣ “ဆံပင်ကို ရိုးရိုးရှင်းရှင်းပုံစံပဲ ထားပါ”

ဒီလိုရက်တွေမှာတော့ ကောက်စက်၊ ဖြောင့်စက်တွေကို ဘေးခဏချထားပြီး ရိုးရိုးရှင်းရှင်း ဆံပင်ပုံစံမျိုးပဲ ရွေးချယ်ပါ။ ဆံပင်ကို အပြောင်သိမ်းပြီး ထုံးတာ၊ အနောက်မှာ ညှပ်ကလစ်နဲ့ ညှပ်တာ၊ ခေါင်းစည်းကြိုး လှလှနဲ့ ရိုးရိုးချည်တာ၊ ဒီတိုင်းချထားပြီး ဘီးကုပ်၊ ကလစ်တပ်တာမျိုး လုပ်နိုင်ပါတယ်။ ဆံပင်လျှော်ဖို့တောင် အားမရှိတဲ့ရက်တွေမှာတော့ ခေါင်းလျှော်ရည်ခြောက် (dry shampoo) (သို့) ဦးထုပ်တစ်လုံးက အများကြီး အထောက်အကူဖြစ်စေမှာပါ။


6️⃣ “မိတ်ကပ်ထက် စကင်ကဲ ကိုသာ ဦးစားပေးပါ”

ဝတ်ဖို့တောင် အားစိုက်မထုတ်ချင်တဲ့ ရက်တွေမှာ မိတ်ကပ်ကိုလည်း အချိန်ပေး ပြင်ဆင်နိုင်မှာ မဟုတ်ပါဘူး။ ရေဓာတ်ပါတဲ့ စကင်ကဲ၊ အစိုဓာတ်ဖြည့်တဲ့ ခရင်မ်၊ နေလောင်ကာကွယ်တဲ့ SPF၊ နှုတ်ခမ်းအဆီ ဒါတွေကိုပဲ ပေါ့ပေါ့ပါးပါး လိမ်းသွားလိုက်ပါ။ အများကြီး အားစိုက်ထုတ်စရာမလိုဘဲ ယုံကြည်မှု ပိုတိုးသွားစေမှာပါ။

ကိုယ့်ကိုယ်ကို အမြဲ စတိုင်ကျနေအောင် ပြင်ဆင်နိုင်တာ ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အားစိုက်မထုတ်နိုင်တဲ့ ရက်တွေ ရှိတတ်တာလည်း ပုံမှန်ပါပဲ။ ဒီလိုရက်မျိုးတွေမှာ ရိုးရှင်းပေါ့ပါးပြီး ကြည့်ကောင်းနေဖို့ ဖော်ပြသွားတဲ့ အချက်တွေနဲ့ လုပ်ကြည့်စေချင်ပါတယ်။ ပင်ပန်းတဲ့ နေ့ရက်တွေမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ