မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၃-၁)ဆောက်သမ်တန်ပွဲမှာ ဆောက်သမ်တန်အသင်းဘက်ကို ပယ်နယ်တီကနေ (၂)ဂိုးသွင်းခဲ့ပြီးနောက် လီဗာပူးလ်တိုက်စစ်မှူးဆာလာရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်က (၁၈၄)ဂိုးအထိရောက်ရှိလာပါတယ်။
လီဗာပူးလ်အသင်းအတွက် ပထမဂိုးကို ပွဲချိန်(၅၁)မိနစ်မှာ (၁၀)ပွဲဆက်တိုက်ဂိုးပေါက်ပျောက်နေတဲ့ ဥရုဂွေးတိုက်စစ်မှူးနူနက်ဇ်က သွင်းယူခဲ့ပြီး ဆာလာက ပွဲချိန်(၅၅)မိနစ်နဲ့ (၈၈)မိနစ်တွေမှာ ပယ်နယ်တီကနေ အနိုင်ဂိုး(၂)ဂိုးကို သွင်းယူခဲ့တာပါ။
ဆာလာဟာ ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ မန်စီးတီးတိုက်စစ်မှူးဟောင်းအဂွဲရိုးရဲ့ဂိုးအရေအတွက် (၁၈၄)ဂိုးကို လိုက်မီခဲ့ပါတယ်။
ဒီရာသီမတိုင်မီက ပရီးမီးယားလိဂ်သွင်းဂိုး(၁၅၈)ဂိုးနဲ့ အဆင့်(၁၀)ပြင်ပမှာ ရှိခဲ့တဲ့ ဆာလာဟာ အချိန်တိုအတွင်း အဆင့်(၅)နေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဆာလာဟာ အလန်ရှီးယား(၂၆၀ ဂိုး)၊ ဟာရီကိန်း(၂၁၃ ဂိုး)၊ ဝိန်းရွန်နီ(၂၀၈ ဂိုး)၊ အန်ဒီကိုးလ်(၁၈၇ ဂိုး)တို့ရဲ့နောက် အဆင့်(၅)နေရာမှာ မန်စီးတီးတိုက်စစ်မှူးဟောင်းအဂွဲရိုးနဲ့ ပူးတွဲ ရပ်တည်နေပါတယ်။
သူ့အနေနဲ့ နောက်ထက် သွင်းဂိုး(၃)ဂိုးသွင်းနိုင်ခဲ့ရင် တိုက်စစ်မှူးဟောင်းအန်ဒီကိုးလ်ရဲ့မှတ်တမ်းကို လိုက်မီမှာဖြစ်ပြီး အဆင့်(၄)နေရာအထိ တက်လှမ်းနိုင်ဦးမှာဖြစ်ပါတယ်။
ဒါကြောင့် ပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်တွေဆက်ချိုးဖို့ လီဗာပူးလ်အသင်းမှာ ဆာလာဆက်ရှိနေဦးမလား ... ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ ဘယ်အဆင့်အထိ တက်လှမ်းနိုင်မလဲဆိုတာ ဆက်ကြည့်ရမှာပါ။
Discussion