ဒီရာသီချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်လာတဲ့အသင်း(၈)သင်းထဲမှာ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုက အမှတ်ပေးဇယားတွေမှာ ထိပ်ဆုံးကအသီးသီးဦးဆောင်နေကြတဲ့ အသင်းကြီး(၄)သင်း ပါဝင်လာပါတယ်။
စပိန်လာလီဂါအမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ဘာစီလိုနာ၊ ဘွန်ဒစ်လီဂါအမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်၊ စီးရီးအေအမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ အင်တာမီလန်၊ ပြင်သစ်လီဂူးအမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ PSG အသင်းတို့က ကွာတားဖိုင်နယ်(၈)နေရာမှာ (၄)နေရာကို ရယူထားကြတာပါ။
ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ဦးဆောင်နေတဲ့အသင်းတွေပီပီ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အထိကို ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ PSG အသင်းတို့က တက်ရောက်နိုင်ခဲ့ကြပေမယ့် ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး၊ လူကြိုက်အများဆုံးလိဂ်ပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်း ကွာတားဖိုင်နယ်မတက်ရောက်နိုင်ခဲ့တာကတော့ အင်္ဂလန်ပရိသတ်တွေအတွက် ကြေကွဲစရာပါပဲ။

လီဗာပူးလ်အသင်းဟာ အုပ်စုအဆင့်မှာတုန်းကလည်း ပွဲစဉ်(၇)အထိ ပွဲတိုင်းကို အနိုင်ကစားခဲ့ပြီး အရေးမပါတဲ့ နောက်ဆုံးပွဲမှာမှ PSV အသင်းကို အရန်ကစားသမားတွေနဲ့ကစားပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲရဲ့နောက်ဆုံး(၈)သင်းစာရင်းကိုတောင် ကံကြမ္မာရဲ့ ပျက်ရယ်ပြုမှုကြောင့် မပါဝင်နိုင်ခဲ့တာပါ။
လက်ရှိပရီးမီးယားလိဂ်မှာ ခြေအစွာဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံး လီဗာပူးလ်အသင်း ဒီလို ချန်ပီယံလိဂ်ပြိုင်ပွဲကထွက်ခဲ့ရတာ ပရီးမီးယားလိဂ်ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သလို၊ အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာအတွက်လည်း ကြီးကြီးမားမားထိခိုက်ရပါတယ်။
ဒီရာသီ လီဗာပူးလ်အသင်းမှာ ပြသနေတဲ့ခြေစွမ်းအရ ဆာလာအနေနဲ့ လီဗာပူးလ်အသင်းသာ ချန်ပီယံလိဂ်ဖလားရခဲ့ရင် Ballon d'Or ဆုကို ရယူနိုင်ဖို့ သေချာသလောက်ရှိနေတာပါ။ အခုတော့ ချန်ပီယံလိဂ်ပြိုင်ပွဲက စောစောစီးစီးထွက်ရခြင်းကြောင့် ဆာလာရဲ့ Ballon d'Or အိပ်မက်က ဝိုးတိုးဝါးတားဖြစ်သွားပါတယ်။

ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ရောက်အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ဦးဆောင်သူ လီဗာပူးလ်အသင်းသာမက လက်ရှိချန်ပီယံမန်စီးတီးအသင်းလည်း (Play offs အဆင့်မှာထွက်ခဲ့ရလို့)မပါနိုင်ခဲ့တာပါ။
နောက်ဆုံး(၈)သင်းစာရင်းမှာ အင်္ဂလန်ကိုယ်စားပြုအသင်းတွေအနေနဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်မှမရဖူးတဲ့ အာဆင်နယ်နဲ့ (အရင် ဥရောပဖလားရခဲ့ဖူးပေမယ့်) ချန်ပီယံလိဂ်ခေတ်မှာ အခုမှ ကွာတားဖိုင်နယ်ကို ပထမဆုံးရောက်ဖူးတဲ့ဗီလာအသင်းတို့သာ ပါဝင်နေပြီး ကျန်ဥရောပအသင်းကြီးတွေကို ကျော်ဖြတ်ဗိုလ်စွဲနိုင်မလားဆိုတာ ကြည့်ရမှာပါ။
ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ဦးဆောင်နေတဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ PSG အသင်းတို့အပြင် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်တဲ့ ကျန်(၄)သင်းကတော့ လာလီဂါအဆင့်(၂) ရီးရဲလ်မက်ဒရစ်၊ ပရီးမီးယားလိဂ်အဆင့်(၂) အာဆင်နယ်၊ အဆင့်(၈) အက်စတွန်ဗီလာ၊ ဘွန်ဒစ်လီဂါအဆင့်(၁၀) ဒေါ့မွန်တို့ ဖြစ်ပါတယ်။
Discussion