ဆောက်သမ်တန်အသင်းဟာ စပါးအသင်းကို (၁-၃)ဂိုးနဲ့အရေးနိမ့်ပြီး ပရီးမီးယားလိဂ်က တန်းဆင်းဖို့သေချာသွားခဲ့ပြီးနောက် (၂၄)နာရီမပြည့်မီမှာ နည်းပြအိုင်ဗန်ဂျူရစ်ကို ရာထူးကထုတ်ပယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကုန်ခါနီးမှာ ဆောက်သမ်တန်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတဲ့ အိုင်ဗန်ဂျူရစ်ဟာ ဆောက်သမ်တန်အသင်းကို (၁၆)ပွဲကိုင်တွယ်ခဲ့ရာမှာ (၂)ပွဲသာအနိုင်ရပြီး (၁၃)ပွဲအရေးနိမ့်ခဲ့တာပါ။

ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ပွဲကစားပြီးချိန်မှာ တန်းဆင်းခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အစောဆုံးတန်းဆင်းတဲ့အသင်းအဖြစ် စံချိန်ဆိုးတင်ခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းအနေနဲ့ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရမှတ်(၁၀)မှတ်သာရရှိထားတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အဆိုးရွားဆုံးတန်းဆင်းတဲ့အသင်းမဖြစ်စေဖို့အတွက် လက်ကျန်(၇)ပွဲမှာ ရမှတ်(၁)မှတ်ထပ်ပိုရယူနိုင်ဖို့လည်း လိုအပ်နေတာပါ။

Sky Sports သတင်းဌာနက နည်းပြအိုင်ဗန်ဂျူရစ်ဟာ ဆောက်သမ်တန်အသင်းနည်းပြရာထူးက ထုတ်ပယ်ခြင်းခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အိုင်ဗန်ဂျူရစ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးအသင်းမဖြစ်စေဖို့အတွက် သူ့ရဲ့ကစားသမားတွေကို မကြာသေးမီက စိန်ခေါ်ခဲ့ပါသေးတယ်။ အိုင်ဗန်ဂျူရစ်ဟာ စပါးအသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ ဆောက်သမ်တန်အသင်းရဲ့လူသစ်စုဆောင်းမှုအဖွဲ့ကို ဝေဖန်ခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နိုင်ပွဲဆက်နေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ဧပြီ(၁၂)ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။