ပရီးမီးယားလိဂ်မှာ Guard of Honour အကြိမ်အများဆုံးပေးရတဲ့ ချယ်လ်ဆီးအသင်း
ချယ်လ်ဆီးအသင်းဟာ ဒီနေ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)မှာ ချန်ပီယံလီဗာပူးလ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ စပါးအသင်းကို (၅-၁)ဂိုးနဲ့အနိုင်ကစားခဲ့တဲ့ပွဲစဉ်အပြီး ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ချန်ပီယံဖြစ်ပြီး ပထမဆုံးကစားရမယ့်ပွဲက ချယ်လ်ဆီးအသင်းနဲ့ ပွဲဖြစ်နေတာပါ။ ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာကတော့ ဒီပွဲမတိုင်ခင် လီဗာပူးလ်အသင်းကို Guard of Honour (ပွဲမစမီကွင်းထဲအဝင် လက်ခုပ်တီးဝန်းရံကြိုဆိုခြင်း)ပေးပြီး ကြိုဆိုမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ရာသီမကုန်ဆုံးမီ ချန်ပီယံဖြစ်တဲ့အသင်းတွေကို လက်ကျန်ပွဲတွေမှာ ပြိုင်ဘက်အသင်းတွေက Guard of Honour ပေးပြီး ကြိုဆိုတဲ့အလေ့အထဖြစ်ပေါ်လာပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းဟာ Guard of Honour အများဆုံးပေးရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။
ချယ်လ်ဆီးအသင်းအတွက် ဒီရာသီမှာ ချန်ပီယံလီဗာပူးလ်အသင်းကို Guard of Honour ပေးရတာက အသင်းသမိုင်းတစ်လျှောက် (၅)ကြိမ်မြောက်ပေးရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အခြားဘယ်အသင်းမှ ချယ်လ်ဆီးအသင်းလောက် Guard of Honour (၅)ကြိမ်အထိပေးရတာမျိုး မကြုံတွေ့ဖူးသေးတာပါ။
ဒီရာသီလိုပဲ တချို့ရာသီတွေမှာလည်း ချယ်လ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံစောစောစီးစီးဖြစ်တဲ့အသင်းတွေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ ကစားဖို့ရှိနေလို့ ဒီလို လိုချင်စရာမကောင်းတဲ့မှတ်တမ်းမျိုးကို ပိုင်ဆိုင်နေရတာပါ။
ချယ်လ်ဆီးအသင်း Guard of Honour ပေးခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံအသင်းတွေက ၂၀၀၇ ချန်ပီယံ မန်ယူနိုက်တက်အသင်း၊ ၂၀၁၆ ချန်ပီယံလက်စတာအသင်း၊ ၂၀၂၀ ချန်ပီယံ မန်စီးတီးအသင်း၊ ၂၀၂၃ ချန်ပီယံမန်စီးတီးအသင်းနဲ့ ဒီရာသီ ချန်ပီယံ လီဗာပူးလ်အသင်းတို့ ဖြစ်ပါတယ်။