ဘောလုံးအချက်အလက်တွေ ထုတ်ပြန်ဖော်ပြပေးနေတဲ့ Opta က ဒီရာသီပရီးမီးယားလိဂ်ကစားသမားတွေရဲ့ အမြန်ဆုံးပြေးနှုန်းတွေကို နှိုင်းယှဉ်ဖော်ပြခဲ့ရာမှာ မန်စီးတီးအသင်းရဲ့ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူဘာနာဒိုဆေးလ်ဗားဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အနှေးကွေးဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတာကို အံအားသင့်ဖွယ်တွေ့ခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ကစားသမားတွေရဲ့ အမြန်ဆုံးပြေးနှုန်းတွေကို နှိုင်းယှဉ်ရာမှာ စပါးအသင်းရဲ့နယ်သာလန်လက်ရွေးစင်နောက်ခံလူဗန်ဒယ်ဗန်က တစ်နာရီကို (၃၇.၁)ကီလိုမီတာပြေးနှုန်းနဲ့ အမြန်ဆုံးစာရင်းမှာ ဦးဆောင်ခဲ့ပါတယ်။
တစ်နာရီကို (၃၇)ကီလိုမီတာကျော်တာ ဗန်ဒယ်ဗန်တစ်ဦးတည်းသာရှိပြီး နောက်မှာ ၀ုလ်ဗ်စ်အသင်းရဲ့ပေါ်တူဂီတောင်ပံကစားသမားကားလို့စ်ဖော့ဘ်စ်က (၃၆.၆)ကီလိုမီတာ၊ နော်တင်ဂမ်ဖောရက်စ်အသင်းရဲ့ဆွီဒင်တောင်ပံကစားသမားအီလန်ဂါက (၃၅.၉)ကီလိုမီတာ၊ မန်စီးတီးအသင်းရဲ့နော်ဝေတိုက်စစ်မှူးဟာလန်းက(၃၅.၇)ကီလိုမီတာ၊ အာဆင်နယ်အသင်းရဲ့ဘရာဇီးလ်တောင်ပံကစားသမားမာတင်နယ်လီက (၃၅.၆)ကီလိုမီတာနဲ့ ရှိနေပါတယ်။

ဂိုးသမားတွေမပါဘဲ Outfield Player တွေချည်းနှိုင်းယှဉ်ခဲ့တဲ့ ဒီစာရင်းမှာ ဘာနာဒိုဆေးလ်ဗားရဲ့အမြန်ဆုံးပြေးနှုန်းက တစ်နာရီကို (၂၉.၄)ကီလိုမီတာသာရှိတာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အနှေးဆုံးကစားသမားစာရင်းမှာ ဦးဆောင်ခဲ့တာပါ။
အနှေးကွေးဆုံးကစားသမားစာရင်းမှာ ဘာနာဒိုဆေးလ်ဗားရဲ့နောက် ၀ုလ်ဗ်အသင်းရဲ့အင်္ဂလန်နောက်ခံလူခရိတ်ဒေါ်ဆန်က တစ်နာရီ(၂၉.၆)ကီလိုမီတာ၊ အာဆင်နယ်အသင်းရဲ့ စပိန်ကွင်းလယ်လူမယ်ရီနိုက(၂၉.၈)ကီလိုမီတာ၊ မန်ယူနိုက်တက်အသင်းရဲ့ဘရာဇီးလ်ကွင်းလယ်လူကက်စီမီရိုက (၃၀.၂)ကီလိုမီတာ၊ ဝက်စ်ဟမ်းအသင်းရဲ့ချက်ကွင်းလယ်လူ ဆူရှက်က (၃၀.၂)ကီလိုမီတာနဲ့ ရပ်တည်နေပါတယ်။

မြန်နှုန်းမြင့်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အနှေးဆုံးကစားသမားဖြစ်ရတဲ့အကြောင်းရင်းထဲမှာ အသက်အရွယ်ကလည်း အဓိကကျကြောင်း 90 min ဝက်ဘ်ဆိုက်က သုံးသပ်ပြပါတယ်။ အနှေးဆုံးကစားသမား(၅)ဦးထဲမှာ (၄)ဦးက အသက်(၃၀)နှစ်အထက်ကစားသမားတွေဖြစ်ပြီး အာဆင်နယ်ကွင်းလယ်လူမယ်ရီနို(၂၈ နှစ်)တစ်ဦးသာ အသက်(၃၀)နှစ်အောက် ကစားသမားအဖြစ်ပါဝင်တာဖြစ်ပါတယ်။
Discussion