ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ လက်စတာအသင်းရဲ့စပွန်ဆာမပါဝင်တဲ့အင်္ကျီကို ဝတ်ဆင်ပြီး မွန်ဂါကစားခဲ့ရ
မနေ့က လက်စတာ(ဝ-၃)နယူးကာဆယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်ခဲ့တဲ့ ဆယ်ကျော်သက်မွန်ဂါဟာ လက်စတာအသင်းရဲ့စပွန်ဆာမပါဝင်တဲ့အင်္ကျီကို ဝတ်ဆင်ပြီး ကစားခဲ့ရပါတယ်။
အသက်(၁၅)နှစ်နဲ့ (၂၇၁)ရက်သာရှိသေးတဲ့ မွန်ဂါဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၄)မိနစ်မှာ လက်စတာအသင်းအတွက် လူစားဝင်အဖြစ်ပါဝင်ခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့တာပါ။
မွန်ဂါဟာ လူစားလဲဝင်ရောက်လာချိန်မှာ အခြားအသင်းဖော်တွေနဲ့မတူတဲ့ အင်္ကျီဝတ်ဆင်ထားတာကို ပရိသတ်တွေသတိပြုမိခဲ့ကြပြီး ဒါဟာ အသက်(၁၈)နှစ်အောက် ပရီးမီးယားလိဂ်ကစားသမားတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းကြောင့် ဖြစ်ပါတယ်။ အသက်မပြည့်သေးတဲ့ ကစားသမားတွေဟာ လောင်းကစားကုမ္ပဏီတွေအပါအဝင် အချို့စပွန်ဆာတွေကို သူတို့ရဲ့အင်္ကျီတွေပေါ်မှာ ပြသခွင့်မရှိတာပါ။ အဲ့ဒါကြောင့် မွန်ဂါဟာ စပွန်ဆာမပါဝင်တဲ့ လက်စတာအသင်းအင်္ကျီကို ဝတ်ဆင်ပြီးကစားခဲ့ရပါတယ်။
ဒီရာသီလက်စတာအသင်းရဲ့အင်္ကျီစပွန်ဆာဟာ အွန်လိုင်းဂိမ်းပလက်ဖောင်းဖြစ်တဲ့ BC GAME ဖြစ်ပါတယ်။ မွန်ဂါဟာ ပွဲချိန်မိနစ်အနည်းငယ်ပဲ ကစားခဲ့ရတာကြောင့် လက်စတာအသင်းကို ရလဒ်ကောင်းရရှိအောင် ကူညီပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ မွန်ဂါဟာ ဇူလိုင်(၁၀)ရက်မှာ အသက်(၁၆)နှစ်ပြည့်မှာဖြစ်ပြီး အသက်(၁၇)နှစ်ပြည့်မယ့် ၂၀၂၆ ခုနှစ်မှာ သူ့ကိုပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလို့ရမှာ ဖြစ်ပါတယ်။
လက်စတာအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်(၈)ပွဲဆက်တိုက် ဂိုးမသွင်းယူနိုင်ဘဲ အရေးနိမ့်ထားပြီး အမှတ်ပေးဇယားအဆင့်(၁၉)နေရာရပ်တည်နေကာ အဆင့်(၁၇)နေရာက ဝုလ်ဗ်စ်အသင်းနဲ့ (၁၅)မှတ်ကွာဟနေတာပါ။ အဲ့ဒါကြောင့် လက်စတာအသင်းဟာ လာမယ့်ပွဲတွေမှာ ရလဒ်မကောင်းရင် လာမယ့်ရာသီချန်ပီယံရှစ်ပြိုင်ပွဲကို တန်းပြန်ဆင်းရတော့မှာဖြစ်ပါတယ်။