ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းဟာ ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၁) စပါး(၃-၁)ဆောက်သမ်တန်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တန်းဆင်းဖို့ သေချာသွားခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းအနေနဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ် (၇)ပွဲကစားဖို့ ကျန်နေချိန်မှာ တန်းဆင်းလက်မှတ်ရသွားခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းမှာ အစောဆုံးတန်းဆင်းတဲ့အသင်းအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

အရင်က ပရီးမီးယားလိဂ်မှာ အစောဆုံးတန်းဆင်းတဲ့အသင်းအဖြစ် ၁၉၉၄-၉၅ ရာသီမှာ တန်းဆင်းခဲ့တဲ့ အစ်ဝစ်ချ်အသင်းနဲ့ ၂၀၀၇-၀၈ ရာသီမှာ တန်းဆင်းခဲ့တဲ့ ဒါဘီအသင်းတွေက စံချိန်တင်ထားခဲ့ပြီး လက်ကျန်ပွဲ(၆)ပွဲကစားဖို့ ကျန်ရှိနေချိန် ပွဲစဉ်(၃၂)အပြီးမှာ တန်းဆင်းလက်မှတ်ရခဲ့ကြတာပါ။
ဒါကြောင့် ဆောက်သမ်တန်အသင်းအနေနဲ့ ဒီအသင်းတွေကို စံချိန်ရိုက်ချိုးပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အစောဆုံးတန်းဆင်းလက်မှတ်ရတဲ့အသင်းအဖြစ် စံချိန်သစ်တင်ခဲ့တာပါ။

ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ပွဲကစားပြီးချိန်မှာ နိုင်ပွဲ(၂)ပွဲ၊ သရေပွဲ(၄)ပွဲ၊ ရှုံးပွဲ(၂၅)ပွဲနဲ့ ရမှတ်(၁၀)မှတ်သာရထားပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တန်းဆင်းတဲ့အသင်းတွေထဲမှာ ၂၀၀၇-၀၈ ရာသီက တန်းဆင်းခဲ့တဲ့ ဒါဘီအသင်းက အဆိုးရွားဆုံးအသင်းအဖြစ် စံချိန်တင်ထားပြီး ရမှတ်(၁၁)မှတ်နဲ့ တန်းဆင်းခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဆောက်သမ်တန်အသင်းအနေနဲ့ လက်ကျန်ပွဲတွေမှာ ရမှတ်ရဖို့ လိုအပ်နေပြီး တစ်မှတ်မှမရခဲ့ရင် ဒါဘီအသင်းရဲ့စံချိန်ဆိုးကို ထပ်မံရိုက်ချိုးပြီး အဆိုးရွားဆုံးတန်းဆင်းအသင်းအဖြစ် စံချိန်သစ်တင်သွားမှာဖြစ်ပါတယ်။
Discussion