ဒီနေ့ကစားခဲ့တဲ့ နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ (၀-၁)ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် ဒီရာသီမှာ မန်စီးတီးအသင်းရဲ့ပရီးမီးယားလိဂ်ရှုံးပွဲအရေအတွက်က (၉)ပွဲအထိရှိလာပါတယ်။
ဒါက နည်းပြဂွါဒီယိုလာရဲ့လက်ထက်မှာ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ရှုံးပွဲအများဆုံးကြုံတွေ့ရတာဖြစ်ပြီး အရင်က ဒီလိုတစ်ရာသီအတွင်း(၉)ပွဲအထိ ရှုံးတာမျိုး တစ်ကြိမ်သာကြုံတွေ့ဖူးပါတယ်။
အဲဒါက ဒုတိယနေရာကမန်စီးတီးအသင်းကို လီဗာပူးလ်အသင်း ရမှတ်(၁၈)မှတ်ဖြတ်ပြီး ဗိုလ်စွဲခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီ ဖြစ်ပြီး၊ မန်စီးတီးအသင်းက တစ်ရာသီအတွင်း (၃၈)ပွဲကစားခဲ့ရာမှာ နိုင်ပွဲ(၂၆)ပွဲ၊ သရေ(၃)ပွဲ၊ ရှုံးပွဲ(၉)ပွဲအထိ ရှိခဲ့တာပါ။
ဒါကြောင့် ဒီရာသီမှာ ပွဲစဉ်(၂၈)ပွဲကစားအပြီးမှာပဲ မန်စီးတီးအသင်းဟာ နိုင်ပွဲ(၁၄)ပွဲ၊ သရေ(၅)ပွဲ၊ ရှုံးပွဲ(၉)ပွဲနဲ့ အရင် ဂွါဒီယိုလာရဲ့ရှုံးပွဲအများဆုံးရာသီက ရှုံးပွဲအရေအတွက်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ လက်ကျန်ပရီးမီးယားလိဂ်(၁၀)ပွဲမှာ တစ်ပွဲရှုံးတာနဲ့ ဒီရာသီက ဂွါဒီယိုလာရဲ့ ပရီးမီးယားလိဂ်ရှုံးပွဲအများဆုံးရာသီအဖြစ် စံချိန်သစ်တင်မှာပါ။
၂၀၁၉-၂၀ ဘောလုံးရာသီက မန်စီးတီးအသင်းမှာ ဂွါဒီယိုလာအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ ဒုတိယမြောက်ရာသီနဲ့ နောက်ဆုံးရာသီဖြစ်ခဲ့ပါတယ်။
ဒီရာသီမှာလည်း မန်စီးတီးအသင်းအနေနဲ့ ဦးဆောင်သူလီဗာပူးလ်နဲ့ ရမှတ်(၂၀)မှတ်အထိကွာဟနေတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့လွဲချော်ဖို့ သေချာသလောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ ရယူဖို့ ကြိုးစားရမှာပါ။
မန်စီးတီးအသင်းဟာ ဒီနေ့ပွဲမှာ ဖောရက်စ်ကို ရှုံးခဲ့ပြီး အဆင့်(၄)နေရာမှာ ဆက်လက်ရပ်တည်နေပေမယ့် မနက်ဖြန် ချယ်လ်ဆီးအသင်းက တန်းဆင်းဇုန်ထဲက လက်စတာအသင်းကို အနိုင်ရခဲ့ရင် အဆင့်(၅)နေရာကို ဆင်းပေးရမှာဖြစ်ပါတယ်။
Discussion