ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု(Premier League Player of the Month)ကို ချီးမြှင့်ခဲ့ရာမှာ လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာက ဆွတ်ခူးရရှိခဲ့ပြီး ဒီဆုကို သူ့ကစားသမားဘ၀မှာ (၇)ကြိမ်မြောက်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ဆာလာအနေနဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို အကြိမ်အများဆုံးဆွတ်ခူးသူတွေအဖြစ် စံချိန်တင်ထားတဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်းအဂွဲရိုး၊ စပါးတိုက်စစ်မှူးဟောင်းဟာရီကိန်းတို့ရဲ့ဆုအရေအတွက်ကို လိုက်မီခဲ့ပြီး ဆုအများဆုံးရရှိသူအဖြစ် ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားနေတဲ့ကစားသမားတွေထဲမှာ ဆာလာဟာ ဒီဆုကို အများဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်နေပြီး ဒုတိယအများဆုံးရရှိသူတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်(မန်ယူနိုက်တက်)၊ ရပ်ရှ်ဖို့ဒ်(မန်ယူနိုက်တက်)၊ ဆွန်ဟောင်မင်(စပါး)၊ ဂျေမီဗာဒီ(လက်စတာ)အစရှိတဲ့ကစားသမားတွေထက် (၃)ကြိမ်အထိ ပိုမိုများပြားနေပါတယ်။
ဆာလာဟာ လီဗာပူးလ်အသင်းမှာ ၂၀၁၇ ခုနှစ်က စတင်ကစားခဲ့ပြီးပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုတွေကို ၂၀၁၇ နိုဝင်ဘာ၊ ၂၀၁၈ ဖေဖော်ဝါရီ၊ ၂၀၁၈ မတ်၊ ၂၀၂၁ အောက်တိုဘာ၊ ၂၀၂၃ အောက်တိုဘာ၊ ၂၀၂၄ နိုဝင်ဘာ၊ ၂၀၂၅ ဖေဖော်ဝါရီလတွေမှာ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ဆာလာရဲ့လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ကစားသမား(၁၈)ယောက်က (၃၆)ခုရယူထားပြီး အသင်းလိုက်ဆုရရှိမှုမှာ မန်ယူနိုက်တက်(၄၇ ခု)နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
Discussion