အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲဟာ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပြင်သစ်လီဂူးပြိုင်ပွဲထက်ပိုကောင်းတဲ့ပြိုင်ပွဲဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီပြိုင်ပွဲမှာ အားနည်းချက်များစွာရှိနေတယ်ဆိုတာ ပွဲကြည့်ပရိသတ်တွေက ဖော်ပ​ြခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ပရိသတ်တွေစိတ်ဝင်စားတဲ့ အသင်းကြီးတွေဖြစ်တဲ့ အယ်လ်အစ်တီဟတ်၊ အယ်လ်ဟီလယ်၊ အယ်လ်နာဆာ၊ အယ်လ်အာလီအစရှိတဲ့အသင်းကြီးတွေရဲ့ပွဲတွေမှာသာ ပရိသတ်တွေကို အများအပြားတွေ့ရပြီး ကျန်အသင်းတွေရဲ့ ပွဲအတော်များများမှာ ပွဲကြည့်ပရိသတ်တွေ အလွန်နည်းပါးနေတာကို မီဒီယာတွေက ထောက်ပြကြပါတယ်။

ဒီတစ်ပတ်ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အယ်လ်ရီယာ့ဒ်(၀-၀)ဒါမတ်ပွဲမှာ ပရိသတ်(၈၉)ယောက်သာလာကြည့်တာက ဒီပြိုင်ပွဲကို အတော်ရုပ်ပျက်သွားစေခဲ့ပါတယ်။

ဒီပွဲကျင်းပခဲ့ရာ Prince Faisal bin Fahd Sports City Stadium က ပရိသတ်(၂၂၀၀၀)ကျော်ဆံ့ပြီး ဒီကွင်းထဲမှာ ပရိသတ်(၁၀၀)တောင်မပြည့်ခဲ့တာက ပြင်သစ်လီဂူးထက် ဆော်ဒီပရိုလိဂ်က ပိုကောင်းတယ်လို့ စီရော်နယ်ဒို ပြောခဲ့တဲ့စကားကို ပြက်ရယ်ပြုသလို ဖြစ်နေပါတယ်။

Prince Faisal bin Fahd Sports City Stadium က လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ပြုလုပ်မယ့် ဆော်ဒီအာရေဗျနိုင်ငံက ကမ္ဘာ့ဖလားပွဲစဉ်တွေ လက်ခံကျင်းပဖို့ ရည်ရွယ်ထားတဲ့ကွင်းဖြစ်ပြီး ပရိသတ်(၅၀၀၀၀)ဆံ့ကွင်းအဖြစ် တိုးချဲ့ဖို့စီစဉ်နေတဲ့ကွင်းလည်း ဖြစ်ပါတယ်။

ဒီကွင်းထဲမှာ ပရိသတ်(၈၉)ဦးသာရှိတာက ဆော်ဒီလိဂ်မှာ ပရိသတ်အနည်းဆုံးအဖြစ် စံချိန်တင်ခဲ့သလို ဒီအသင်းတွေက တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့အသင်းတွေလည်းမဟုတ်ဘဲ အယ်လ်ရီယာ့ဒ်က အဆင့်(၉)၊ ဒါမတ်က အဆင့်(၁၂)မှာရပ်တည်နေတဲ့ ဇယားအလယ်ကအသင်းတွေဖြစ်တာကြောင့် ဆော်ဒီလိဂ်ရဲ့ ပရိသတ်စိတ်ဝင်စားမှုဟာ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

အသင်းကြီးတွေရဲ့ပွဲတွေမှာသာ ပရိသတ်များပြားနေပြီး ပွဲအတော်များများမှာ ပရိသတ်နည်းပါးနေတဲ့၊ ဟန်ချက်မညီတဲ့ လိဂ်ပြိုင်ပွဲတစ်ခုဖြစ်နေတဲ့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲက ဟန်သာရှိပြီး အဆံမရှိတဲ့ ရေပေါ်ဆီပြိုင်ပွဲတစ်ခုဖြစ်နေပြီလားဆိုတာကတော့​ စဉ်းစားစရာပါပဲ။