HIV ပိုးရှိတဲ့သူနဲ့ ကွန်ဒုံးမသုံးဘဲ အတူနေရင် HIV ကူးစက်ခံရနိုင်လား။ ကျွန်တော်တို့ အားလုံးသိတဲ့ အဖြေကတော့ ရက်စ်ပါပဲ။ ဒါပေမယ့် စမတ်ဖုန်းတွေတောင် အဆင်မြင့်လာတဲ့ ဒီနေ့ခေတ်မှာ ဒီအဖြေက မှန်တုန်းပဲလားဆိုတာ ပြန် ဆန်းစစ်ဖို့ လိုလာပါပြီ။HIV ပိုးရှိတဲ့သူတိုင်းက ART ဆေးကို သောက်ရပါတယ်။ နာမည်သာ မပြောင်းပေမယ့် သုတေသန ပညာရှင်တွေက ART ဆေးတွေကို တစ်နှစ်ထက် တစ်နှစ် ပိုကောင်းအောင် ကြိုးစားနေကြပါတယ်။
ART က ဘယ်လို အလုပ်လုပ်လဲ
ART က သွေးထဲမှာ ရှိတဲ့ HIV ပိုးကောင်ရေ ပမာဏကို ထိန်းချုပ်ပေးပါတယ်။ အနည်းဆုံး ခြောက်လတာ ဆေးပုံမှန်သောက်ပြီး ကုသမှုယူထားတဲ့ HIV ပိုးရှိတဲ့သူက သွေးစစ်ကြည့်ရင် ပိုးကောင်ရေကို စစ်လို့ မတွေ့တဲ့အထိ နည်းသွားပါတယ်။ သို့ပေမယ့် ဒါက ရောဂါပျောက်သွားတာတော့ မဟုတ်ပါဘူး။ (လုံး၀ အရှင်းပျောက်တဲ့ဆေးတော့ မပေါ်သေးပါဘူးဗျ)
ပိုးမကူးနိုင်ဘူးဆိုတာ
ဒီလို ပိုးကောင်ရေ ရှာမတွေ့တော့တဲ့ အခြေအနေကို Undetectable လို့ခေါ်ပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ စိတ်ပူပန်ရသလို HIV ပိုးရှိတဲ့သူနဲ့ လိင်ကတစ်ဆင့် ဆက်ဆံမိလို့ရှိရင် ပိုးမကူးနိုင်ဘူး။ Untransmittable ပိုးကူးစက်နိုင်မှု မရှိဘူးလို့ နိုင်ငံတကာမှာ သက်သေပြထားပါတယ်။
“ရှေ့ဆက်တို့အတူ U=U” ဆိုတာ
မြန်မာနိုင်ငံမှာတော့ Undetectable = Untransmittable (U=U) လှုပ်ရှားမှုကို “ရှေ့ဆက်တို့အတူ U=U”ဆိုတဲ့ အမည်နဲ့ လူမှုကွန်ယက်ပေါ်မှာ လှုပ်ရှားနေတယ်ဗျ။ အဓိက သတင်းစကားကတော့ HIV ပိုးရှိသူတွေဟာ ART ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်စွဲမြဲသောက်မယ်ဆိုရင် သွေးထဲမှာ HIV ပိုးကောင်ရေ စစ်ဆေးမတွေ့ရှိနိုင်တော့တဲ့အထိ ထိန်းချုပ်လျှော့ချနိုင်ပါတယ်။ ပိုးပမာဏကို ထိန်းချုပ်နိုင်သွားပြီဆိုရင်တော့ လိင်ဆက်ဆံရာကနေတစ်ဆင့် တခြားသူကို HIV ပိုး ကူးစက်နိုင်ခြေ အရမ်း အရမ်း မရှိသလောက် နည်းပါတယ်တဲ့။ ဦးဆောင်ပြီး လုပ်တဲ့သူတွေက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နဲ့ ICAP at Columbia University အဖွဲ့တို့ ပူးပေါင်းပြီး လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းစကားကိုလည်း HIV ပိုးရှိသူတွေနဲ့ အများပြည်သူလူထုကို ဦးတည်ပြီး ဖြန့်နေတာကို တွေ့ရပါတယ်။ U=U သတင်းစကားအတိုင်းပဲ ART ဆေးကို အနည်းဆုံး ၆လ ကြာသောက်နေမယ်၊ သွေးထဲမှာရှိတဲ့ HIV ပိုးကောင်ရေကိုလည်း တိုင်းတာလို့မရနိုင်လောက်တဲ့အထိ ထိန်းချုပ်လျှော့ချထားနိုင်မယ်ဆိုရင်တော့ ပိုးရှိတဲ့သူတွေလည်း ပိုးမရှိတဲ့သူတွေလို ဘဝကို ဖြတ်သန်းနိုင်ပြီ။ ကျွန်တော်တို့ စိုးရိမ်နေသလို ပိုးကူးစက်မှုလည်း အဲဒီအခြေအနေမှာ ရှိမှာ မဟုတ်တော့ဘူး။ ကိုယ့်ချစ်သူက ဆေးပုံမှန်သောက်ပြီး ပိုးထိန်းနိုင်တယ်ဆိုရင် မီးစိမ်းပါဗျ။ ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုလည်း ဆေးမှန်မှန်သောက်ပြီး ပိုးထိန်းရင် အားလုံး အိုကေမှ စိုပြေ။
အသေးစိတ်သိချင်တယ်ဆိုရင်တော့ သူတို့ရဲ့ Facebook စာမျက်နှာကို ဒီမှာပါ။ ၀င်ကြည့်ပြီး သိချင်တာ ရှိရင်လည်း သူတို့ကို သွားမေးလို့ ရတယ်။
https://www.facebook.com/UequalsUMyanmar
Photo Credit - Shutterstock
Discussion