ဒီရာသီပြင်သစ်အမှတ်ပေးချန်ပီယံဆုကို PSG အသင်းရယူခဲ့ပြီးနောက်မှာ နောက်ခံလူမာကွင်ဟို့စ်နဲ့ ကွင်းလယ်လူဖေဘီယန်ရုဇ်တို့ဟာ ထူးခြားစံချိန်မှတ်တမ်းတွေ တင်ခဲ့ကြပါတယ်။

ဘရာဇီးလ်နောက်ခံလူမာကွင်ဟို့စ်ဟာ ပြင်သစ်လီဂူးပြိုင်ပွဲမှာ ချန်ပီယံဆုကို (၁၀)ကြိမ်တိုင်ကိုင်မြှောက်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

မာကွင်ဟို့စ်ဟာ PSG အသင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကစားခဲ့သူဖြစ်ပြီး ဒီအသင်းမှာကစားခဲ့တဲ့ (၁၂)နှစ်အတွင်း အမှတ်ပေးချန်ပီယံဆု(၁၀)ကြိမ်ထိ ကိုင်မြှောက်နိုင်ခဲ့တာပါ။

အရင်က PSG အသင်းရဲ့အီတလီကွင်းလယ်လူဗာရက်တီနဲ့ မာကွင်ဟို့စ်တို့ဟာ ပြင်သစ်လီဂူးချန်ပီယံဆုကို အများဆုံးအဖြစ် (၉)ကြိမ်စီကိုင်မြှောက်ကာ စံချိန်တူနေပြီး ဗာရက်တီက ဆော်ဒီကလပ်အယ်လ်အာရဘီကို ပြောင်းရွှေ့သွားတာကြောင့် မာကွင်ဟို့စ်က ဒီအများဆုံးစံချိန်ကို တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ်ပိုင်ဆိုင်ခဲ့တာပါ။

စပိန်ကွင်းလယ်လူဖေဘီယန်ရုဇ်ကလည်း ပြင်သစ်လီဂူးပွဲတွေမှာ ပွဲ(၅၀)ဆက်တိုက်ရှုံးပွဲမရှိအောင် ကစားနိုင်တဲ့ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဖေဘီယန်ရုဇ်ဟာ ဒီရာသီ သူပါဝင်ကစားခဲ့တဲ့ ပြင်သစ်လိဂ်(၂၆)ပွဲမှာ ရှုံးပွဲမရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကလည်း သူပါဝင်ကစားခဲ့တဲ့ပြင်သစ်လိဂ်(၂၁)ပွဲမှာ ရှုံးပွဲမရှိကစားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူပါဝင်ကစားခဲ့တဲ့ ၂၀၂၂-၂၃ ရာသီ နောက်ဆုံးပွဲစဉ်(၃)ပွဲမှာလည်း ရှုံးပွဲမရှိခဲ့ဘဲ စုစုပေါင်း ပြင်သစ်လီဂူးပွဲစဉ်(၅၀)ပွဲဆက်တိုက်ကို ရှုံးပွဲမတွေ့အောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လီဂူးပြိုင်ပွဲမှာ ဖေဘီယန်ရုဇ်နောက်ဆုံးရှုံးနိမ့်ခဲ့တာ ၂၀၂၃ ဧပြီ(၃၀)ရက်က ကစားခဲ့တဲ့ PSG (၁-၃)လော်ရီယန့်ပွဲဖြစ်ပါတယ်။ PSG အသင်းဟာ ပြင်သစ်အမှတ်ပေးချန်ပီယံဆုကို (၁၃)ကြိမ်တိုင်ရယူနိုင်ခဲ့ပြီး အခြားဘယ်ပြင်သစ်ကလပ်အသင်းထက်မဆို အနည်းဆုံး(၃)ကြိမ်ပိုမိုများပြားနေပါတယ်။