ဘောလုံးအချက်အလက်နဲ့ အကြောင်းအရာတွေကို ဆန်းစစ်သုံးသပ်တင်ဆက်ပေးနေတဲ့ CIES Football Observatory က လက်ရှိကမ္ဘာပေါ်မှာ ရှိတဲ့ဂိုးသမားတွေထဲက အကောင်းဆုံးဂိုးသမား(၁၀၀)ကို သူတို့ပါဝင်ကစားနေတဲ့ပြိုင်ပွဲတွေရဲ့အဆင့်အတန်း(LEV: Sporting level of matches)၊ ပွဲတွေရဲ့ရလဒ်နဲ့ ရမှတ်ရရှိမှု (RES: Results/points per match)၊ မျှော်လင့်ထားတဲ့တန်ဖိုးတွေနဲ့ သူတို့အမှန်တကယ်ကာကွယ်နိုင်တဲ့စွမ်းဆောင်ရည်ရာခိုင်နှုန်းတွေကို နှိုင်းယှဉ်ခြင်း(DEV: Deviation in the percentage of saves compared to the expected value)အစရှိတာတွေအပေါ်မူတည်ပြီး ရမှတ်(INDEX)ပေးကာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုထုတ်ပြန်ခဲ့ရာမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးဂိုးသမား(၁၀၀)စာရင်းမှာ ရမှတ်(INDEX)အများဆုံးနဲ့ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာက ပြင်သစ်လိဂ်ကလပ် PSG အသင်းရဲ့အီတလီလက်ရွေးစင်ဂိုးသမားဒွန်နာရမ်မာဖြစ်ပါတယ်။

ဒီရာသီမှာ PSG အသင်း စောစောစီးစီး ပြင်သစ်လိဂ်ချန်ပီယံဖြစ်အောင် လက်စွမ်းပြကူညီပေးခဲ့တဲ့ ဒွန်နာရမ်မာဟာ ရမှတ်(၉၅.၅)မှတ်အထိရရှိခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာပါ။ ဒုတိယနေရာမှာ အင်တာမီလန်အသင်းရဲ့ဆွစ်ဇာလန်လက်ရွေးစင်ဂိုးသမားယန်ဆွန်းမားက ရမှတ်(၉၁.၇)မှတ်နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။
တတိယနေရာမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာက ရမှတ်(၈၈)မှတ်နဲ့ ရပ်တည်ခဲ့ပါတယ်။ ပြင်သစ်လိဂ်၊ စီးရီးအေ၊ လာလီဂါချန်ပီယံကလပ်အသင်းတွေက ဂိုးသမားတွေ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့ကြတာမထူးဆန်းပေမယ့် ပရီးမီးယားလိဂ်နဲ့ ဘွန်ဒစ်လီဂါချန်ပီယံအသင်းတွေက နံပါတ်(၁)ဂိုးသမားတွေ ထိပ်ဆုံး(၁၀)ဦးစာရင်းထဲမပါလာတာကတော့ ထူးခြားခဲ့ပါတယ်။
စတုတ္ထနေရာမှာ ရုရှားကလပ် ခရက်နော်ဒါအသင်းရဲ့ရုရှားဂိုးသမား အက်ကတ်ဆက်ဗ်က ရပ်တည်ခဲ့ပြီး ပရီးမီးယားလိဂ်ဂိုးသမားတွေထဲက အကောင်းဆုံးဂိုးသမားအဖြစ် အဆင့်(၅)နေရာမှာ ရပ်တည်နိုင်ခဲ့တာက ဘရန့်ဖို့ဒ်ဂိုးသမားမာ့ခ်ဖလက်ကန်ဖြစ်နေတာကို ထူးခြားစွာတွေ့ရပါတယ်။

ပိုပြီးထူးခြားတာက ဒီရာသီမှာ Clean Sheet အများဆုံးပရီးမီးယားလိဂ်ဂိုးသမားအဖြစ် ဦးဆောင်နေတဲ့ ဖောရက်စ်ဂိုးသမား မတ်ဇ်ဆဲလ်စ်က ဒီကမ္ဘာ့အကောင်းဆုံးဂိုးသမား(၁၀၀)စာရင်းထဲမှာ မပါဝင်ခဲ့တာပါ။ ပရီးမီးယားလိဂ်က နာမည်ကြီးဂိုးသမားတွေဖြစ်တဲ့ အယ်လစ်ဆန်၊ အိုနာနာ၊ အက်ဒါဆန်အစရှိသူတို့လည်း ထိပ်ဆုံး(၃၀)ဦးစာရင်းတောင်မဝင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
Discussion