ပြင်သစ်အသင်းခေါင်းဆောင် ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မယ့်အစား PSG အသင်းမှာသာ နောက်ထပ်တစ်ရာသီဆက်နေခဲ့ရင် ယူရိုသန်း(၂၅၀)ရရှိလိမ့်မယ်လို့ ပြင်သစ်မီဒီယာ L'quip က ဖော်ပြထားပါတယ်။

စာချုပ်သစ်လက်မှတ်ထိုးကြေး၊ Add-ons ကြေးနဲ့ ပုံရိပ်အသုံးပြုခွင့်တွေရရှိမှာဖြစ်ပေမယ့် ဘာပေကတော့ ရီးရဲလ်မက်ဒရစ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးချင်တာကြောင့် ရောင်းချဖို့ လုပ်ဆောင်ခဲ့သလို စာချုပ်သစ်ချုပ်ဆိုဖို့လည်း အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပါတယ်။

ဘာပေရဲ့ငြင်းဆန်မှုတွေကြောင့် PSG အသင်းဟာ သူ့ကို ရာသီကြိုခြေစမ်းပွဲတွေမှာ လူစာရင်းက ချန်လှပ်ခဲ့သလို ရာသီအစပွဲတွေမှာ အသုံးပြုခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ နှစ်ဦးသဘောတူညီမှုတွေနဲ့ ဘာပေဟာ PSG အသင်းအတွက် ပြန်ပါဝင်ကစားခဲ့တာပါ။

ဘာပေဟာ PSG အသင်းက ထွက်ခွာခဲ့ချိန်မှာ လစာကြွေးကျန် တွေနဲ့ အပိုဆုကြေးတွေမရရှိတာကြောင့် အသင်းဟောင်းကိုတရားစွဲဆိုခဲ့ပါတယ်။ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဘာပေအနေနဲ့ PSG အသင်းမှာ နောက်ထပ်တစ်ရာသီဆက်ရှိခဲ့ရင် ယူရိုသန်း(၂၅၀)ရရှိမယ်လို့ L'quip ရဲ့ဖော်ပြထားမှုကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။

ဘာပေဟာ PSG အသင်းမှာရရှိခဲ့တဲ့လစာပမာဏနဲ့ အခြားခံစားခွင့်တွေကို ရီးရဲလ်မက်ဒရစ်အသင်းမှာ မရရှိပေမယ့် သူကတော့ သူ့ရဲ့အိပ်မက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားရလို့ အလွန်ပျော်ရွှင်နေပါတယ်။

ဘာပေဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၄)ပွဲပါဝင်ကစားထားပြီး (၃၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားပြီး ဆုဖလား(၂)ခုရယူထားပါတယ်။