မနေ့က PSG (ဝ-၁)လီဗာပူးလ် ချန်ပီယံလိဂ် Round of 16 ပထမအကျော့ပွဲစဉ်မှာ PSG အသင်းတိုက်စစ်ကစားသမား ဘာကိုလာကို တွန်းထုတ်ခဲ့တဲ့ လီဗာပူးလ်အသင်းနောက်ခံလူ ကိုနာတေး အနီကတ်ပြသခံရသင့်တယ်လို့ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန်က သုံးသပ်ခဲ့ပါတယ်။

ရုပ်သံအနှေးပြကွက်တွေမှာ လီဗာပူးလ်အသင်းဘက်ကို ဂိုးသွင်းဖို့ တိုက်စစ်ဆင်လာတဲ့ ဘာကိုလာကို ကိုနာတေးက အနောက်ကနေ တွန်းထုတ်ခဲ့ပြီး VAR ကလည်း အနီကတ်ဖြစ်နိုင်တဲ့ ဒီဖြစ်ရပ်ကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

(၂)မိနစ်ကြာ စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ဘယ်လိုအရေးယူမှုမှမပြုလုပ်ဘဲ ပွဲကိုဆက်ကစားစေခဲ့တာဖြစ်ပါတယ်။ ရီယိုဖာဒီနန်ကတော့ ဒီဆုံးဖြတ်ချက်ကို အံ့အားသင့်နေပြီး ကိုနာတေး ထုတ်ပယ်ခံရသင့်တယ်လို့ TNT Sports မှာ ဆိုခဲ့တာပါ။

ရီယိုဖာဒီနန်က "ဒါက ပြစ်ဒဏ်ဘောပါ။ သူဟာ နောက်ကျောကနေ တွန်းကာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး အနီကတ်ပြသရမှာပါ။ ဒါက အနီကတ်မဟုတ်ဘူးဆိုတဲ့အတွက် ကျွန်တော်အံ့အားသင့်မိပါတယ်။ လီဗာပူးလ်အသင်း ဒီမှာဘယ်လောက်အထိ ကံကောင်းနေလဲဆိုတာ ကျွန်တော်မယုံနိုင်ဘူး"လို့ ဆိုခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ပယ်နယ်တီလည်းမပေးသလို အနီကတ်လည်း ပြသခြင်းမရှိတဲ့အပေါ် ဒေါသထွက်နေတဲ့ PSG အသင်းရဲ့အားကစားအကြံပေး လူးဝစ်ကမ်ပို့စ်ဟာ ပထမပိုင်းအပြီးမှာ ဥမင်ထဲကိုဆင်းလာကာ ကွင်းလယ်ဒိုင်လူကြီးကို အော်ဟစ်နေခဲ့တယ်လို့ သိရပါတယ်။ PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က သူဟာ ဒိုင်လူကြီးတွေအကြောင်းပြောရတာကို မနှစ်သက်ဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။