ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ကချမှတ်ထားတဲ့ PSR စည်းမျဉ်း(Profitability and Sustainability Rules)နဲ့ ကိုက်ညီဖို့အတွက် သူတို့ရဲ့အမျိုးသမီးတစ်သင်းလုံးကို ရောင်းချပြီး အမြတ်အစွန်းငွေရှာခဲ့ပါတယ်။
ဒီလို ရောင်းချခြင်းကနေ သူတို့ရဲ့ငွေစာရင်းထဲကို အမြတ်ငွေ ပေါင်သန်း(၁၃၀)အထိ ရောက်လာပြီး အရင်အရှုံးပြနေတဲ့ငွေတွေကို အတော်အသင့် ထေမိသွားပါတယ်။

ကလပ်အသင်းတစ်သင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာထိန်းချုပ်မှုစည်းမျဉ်းတစ်ခုဖြစ်တဲ့ PSR စည်းမျဉ်းနဲ့ ကိုက်ညီစေဖို့ ဒီလို ငွေရှာတာက အထူးအဆန်းမဟုတ်ပေမယ့် ချယ်လ်ဆီးအသင်းရဲ့အမျိုးသမီးအသင်းအရောင်းအဝယ်မှာ ထူးခြားနေတာကတော့ ဝယ်ယူသူက သူတို့ကိုယ်တိုင်ဖြစ်နေတာပါပဲ။
ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Blueco ထံ ချယ်လ်ဆီးအမျိုးသမီးအသင်းကို ရောင်းချခဲ့တာဖြစ်ပြီး ငွေကြေးမည်ရွေ့မည်မျှနဲ့ ရောင်းချတယ်ဆိုတာကို မဖော်ပြခဲ့ပေမယ့် ဗြိတိန်မီဒီယာတွေက အသားတင်အမြတ်ငွေ ပေါင်သန်း(၁၃၀)အထိရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအရောင်းအဝယ်ဟာ ချယ်လ်ဆီးအသင်းကို PSR စည်းမျဉ်းနဲ့ မငြိစွန်းစေဖို့အတွက်များစွာ အထောက်အကူပေးခဲ့ပြီး လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ ကစားသမားသစ်တွေ ဆက်လက်ခေါ်ယူဖို့ အဆင်ပြေစေမှာဖြစ်ကြောင်း The Times သတင်းစာက ဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကို ပူးတွဲအသင်းပိုင်ရှင်တော့ဒ်ဘိုလေး ဦးဆောင်တဲ့အဖွဲ့က ၂၀၂၂ မေလမှာ ဝယ်ယူပြီးနောက်ပိုင်း ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ီပေါင်လီယံကျော်သုံးစွဲထားပါတယ်။

ဒါကြောင့် PSR စည်းမျဉ်းအရ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီ ဘဏ္ဍာရေးအခြေအနေအစီရင်ခံစာကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ တင်ပြရမယ့် နောက်ဆုံးရက်မတိုင်မီ (၂)ရက်အလိုမှာ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ငွေကြေးအရှုံးအမြတ်တွေက PSR စည်းမျဉ်းနဲ့ကိုက်ညီစေဖို့ ချယ်လ်ဆီးအမျိုးသမီးအသင်းကို မိခင်ကုမ္ပဏီဖြစ်တဲ့ Blueco ထံ အလျင်အမြန်ရောင်းချပြီး ငွေဖော်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့လုပ်ရပ်ဟာ ပရီးမီးယားလိဂ်ရဲ့ဖြေလျော့ထားတဲ့စည်းကမ်းသတ်မှတ်ချက်တွေကြောင့် PSR စည်းမျဉ်းမှာ ဘောင်ဝင်နိုင်ပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ FFP(Financial Fair Play regulations)တွေနဲ့ ဆိုရင်တော့ ကိုက်ညီမှုမရှိဘဲ ပယ်ချခံရမှာဖြစ်ပါတယ်။ FFP စည်းမျဉ်းမှာ ဒီလို မိခင်ကုမ္ပဏီတွေ၊ ဆက်စပ်ကုမ္ပဏီတွေ(Sister companies)ဆီက ငွေကြေးရယူပြီး အရှုံးငွေ ထေမိအောင် ပြုလုပ်တာကို တားဆီးပိတ်ပင်ထားပါတယ်။
Discussion