ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)
လိုင်ယွန်(၂-၂)မန်ယူနိုက်တက်
စပါး(၁-၁)ဖရန့်ဖတ်
ဒီရာသီ ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးနေတာကြောင့် ယူရိုပါလိဂ်ဖလားတစ်လုံးသာ ဒီရာသီကယ်တင်ရာဖြစ်နေတဲ့ မန်ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)မှာ နိုင်ပွဲရယူနိုင်ခြင်းမရှိဘဲ သရေရလဒ်တွေသာ ရယူနိုင်ခဲ့ကြပါတယ်။
မန်ယူနိုက်တက်အသင်းက အနိုင်ရခါနီးပွဲတစ်ပွဲကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး ဂိုးသမားအိုနာနာအတွက် ပြန်စဉ်းစားချင်စရာမကောင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်။
လိုင်ယွန်အသင်းရဲ့ဂိုးနှစ်ဂိုးစလုံးက သူ့ရဲ့အားနည်းချက်တွေကြောင့် ပေးခဲ့ရတာဖြစ်လို့ပါ။ ပွဲချိန်(၂၅)မိနစ်မှာ လိုင်ယွန်အသင်းရတဲ့ဖရီးကစ်ကို အယ်လ်မာဒါ အဝေးကနေ ဂိုးရှေ့ကန်တင်တာ ဘယ်သူနဲ့မှမထိဘဲ အိုနာနာကိုပါ ကျော်ဖြတ်ပြီး ဂိုးထဲဝင်သွားခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ မန်ယူနိုက်တက်နောက်ခံလူ ယိုရိုက ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပွဲချိန်(၈၈)မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ပေးပို့မှုကနေ ဇက်ခ်ဇီခေါင်းတိုက်သွင်းယူခဲ့လို့ မန်ယူနိုက်တက်နိုင်ပွဲရပြီလို့ ထင်စရာဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန်(၉၀+၄)မိနစ်မှာ လိုင်ယွန်အသင်းရဲ့ကန်သွင်းချက်တစ်ခုကို အိုနာနာက ဂိုးရှေ့တည့်တည့်မှာရှိနေတဲ့ တိုက်စစ်မှူးချာကီရှေ့ ဘောလုံးကို ပုတ်ထုတ်ပေးမိရာကနေ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။
အိုနာနာဟာ မန်ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကစပြီး ပြိုင်ပွဲစုံ(၉၄)ပွဲကစားထားရာမှာ သူ့ရဲ့အမှားတွေကနေ ဂိုးတွေပေးနေရတာ(၉)ဂိုးအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း ပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ ဘယ်သူမှ သူ့လောက် (မိမိရဲ့အမှားတွေကနေ)ဂိုးပေးမများခဲ့ဘဲ သူက အများဆုံးအဖြစ် ဦးဆောင်နေပါတယ်။
စပါးအသင်းက ဖရန့်ဖတ်ကို အိမ်ကွင်းမှာ ကစားခဲ့ရပြီး အနိုင်ရသင့်တဲ့ခြေစွမ်းတွေ၊ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် အနိုင်ဂိုးမရခဲ့ဘဲ (၁-၁)ရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။
ပွဲချိန်(၆)မိနစ်မှာပဲ ဧည့်သည်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပြီး (၂၆)မိနစ်မှာ ပေါ်ရိုက ချေပဂိုးသွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ စပါးအတွက် ဂိုးရနိုင်တဲ့ကန်သွင်းခွင့်တွေရခဲ့ပေမယ့် ဘန်ကာတာ၊ ဘာ့ဂ်ဗယ်လ်တို့ကန်ချက်တွေ ဂိုးတိုင်ထိခဲ့လို့ နစ်နာခဲ့ရပါတယ်။

အိမ်ကွင်းမှာ အနိုင်ရသင့်တဲ့အခြေအနေတွေရှိပြီး ပထမအကျော့မှာ စိတ်ချရအောင် အနိုင်ရလဒ်ကို ရယူထားသင့်ပေမယ့် မရယူနိုင်ခဲ့တဲ့အတွက် ဂျာမန်မြေမှာ ဒုတိယအကျော့ကစားရမယ့်စပါးအသင်းအတွက် စိုးရိမ်စရာအနေအထားတစ်ရပ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ဒုတိယအကျော့ပွဲတွေကို လာမယ့် ဧပြီ(၁၇)ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။
Discussion