ပထမအကျော့မှာပဲ ပြတ်သားတဲ့ရလဒ်တွေနဲ့ အနိုင်ယူခဲ့တဲ့ PSG နဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)

PSG(၃-၁)အက်စတွန်ဗီလာ
ဘာစီလိုနာ(၄-၀)ဒေါ့မွန်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ဒုတိယနေ့ပွဲစဉ်တွေမှာ ပြင်သစ်ကလပ် PSG အသင်းနဲ့ စပိန်ကလပ် ဘာစီလိုနာတို့က ဒုတိယအကျော့အတွက် လှည့်ကြည့်စရာမလိုတဲ့ ပြတ်သားတဲ့ရလဒ်တွေကို ရယူခဲ့ကြပါတယ်။

PSG(၃-၁)အက်စတွန်ဗီလာပွဲမှာ PSGအသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကဗာရာရှက်ခလီယာ၊ ဒမ်ဘီလီ၊ ဒူအီတို့က အကောင်းဆုံးခြေစွမ်းပြကစားခဲ့ကြပြီး ဗီလာအသင်းကို တစ်ဖက်သတ်တိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။

ဂိုးကန်ချက်(၃၀)ခန့် ဂိုးပေါက်ခြိမ်းခြောက်မှု(၁၀)ကြိမ်ခန့်ရင်ဆိုင်ခဲ့ရတဲ့ ဒီပွဲမှာ (၃)ဂိုးပဲ ပေးပြီး ရှုံးရတာ ဗီလာအတွက် ကံကောင်းတယ်လို့တောင် ဆိုရမှာပါ။

ဗီလာအသင်းအတွက် မော်ဂန်က ပွဲချိန်(၃၅)မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဆီမီးဖိုင်နယ်မျှော်လင့်ချက် တောက်ပခဲ့ပေမယ့် မိနစ်ပိုင်းမှာပဲ ချေပဂိုးပြန်ပေးခဲ့ရပြီး PSG အသင်းရဲ့ တိုက်စစ်လှိုင်းလုံးအောက်မှာ ဂိုးမပေးရဖို့ ခုခံကာကွယ်ရင်း အချိန်ကုန်ဆုံးခဲ့ရပါတယ်။

PSG အသင်းအတွက် ဂိုးတွေကို ပွဲချိန်(၃၉)မိနစ်မှာ ဒူအီ၊ (၄၉)မိနစ်မှာ ကဗာရာရှက်ခလီယာ၊ (၉၀+၁)မိနစ်မှာ မန်ဒက်စ်တို့က သွင်းယူခဲ့ကြပါတယ်။

ဒီပွဲမှာ အဖွင့်ဂိုးသွင်းခဲ့တဲ့ဒူအီဟာ အသက်(၁၉)နှစ်(၁၀)လသာ ရှိသေးတာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ပြင်သစ်ဆယ်ကျော်သက်ကစားသမားဖြစ်လာပါတယ်။

ဘာစီလိုနာ(၄-၀)ဒေါ့မွန်ပွဲမှာတော့ ဘရာဇီးလ်တိုက်စစ်ကစားသမားရာဖင်ညာ၊ ဒေါ့မွန်ကစားသမားဟောင်း လီဝန်ဒေါစကီးတို့ရဲ့ခြေစွမ်းပြမှုတွေနဲ့ ဘာစီလိုနာက ပြတ်သားတဲ့ရလဒ်ကို ရယူခဲ့ပါတယ်။

ရာဖင်ညာက ဒီပွဲမှာ ပွဲချိန်(၂၅)မိနစ်မှာအဖွင့်ဂိုးသွင်းယူခဲ့သလို (၂)ဂိုးဖန်တီးခဲ့ပြီး ဒီရာသီမှာ သူ့အတွက် ချန်ပီယံလိဂ်ဂိုးပါဝင်ပတ်သက်မှုက (၁၉)ဂိုး(၁၂ ဂိုးသွင်း+၇ ဂိုးဖန်တီး)အထိရှိလာပါတယ်။ ဒါက ဘာစီလိုနာအသင်းအတွက် တစ်ရာသီအတွင်း ချန်ပီယံလိဂ်ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်းမက်ဆီရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။

မက်ဆီက ၂၀၁၁-၁၂ ရာသီမှာ ချန်ပီယံလိဂ်ဂိုးပါဝင်ပတ်သက်မှု(၁၉)ဂိုး(၁၄ ဂိုးသွင်း+၅ ဂိုးဖန်တီး)နဲ့ စံချိန်တင်ခဲ့တာဖြစ်ပြီး ရာဖင်ညာအနေနဲ့ နောက်ပွဲတွေမှာ ဒီစံချိန်ကို ရိုက်ချိုးနိုင်ဖို့ အခွင့်အရေးရှိနေပြီဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးလီဝန်ဒေါစကီးကလည်း အသင်းဟောင်းဒေါ့မွန်နဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ ဂိုးမြူးတဲ့သူ့အစဉ်အလာအတိုင်း ပွဲချိန်(၄၈၊ ၆၆)မိနစ်တွေမှာ (၂)ဂိုးသွင်းခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဒေါ့မွန်အသင်းနဲ့ (၂၈)ပွဲရင်ဆိုင်ကစားခဲ့ရာမှာ (၂၉)ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ကျန်တစ်ဂိုးကိုတော့ ယာမားလ်က ပွဲချိန်(၇၇)မိနစ်မှာ သွင်းယူခဲ့တာပါ။

အသက်(၃၆)နှစ်အရွယ်ဝါရင့်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ဒီရာသီ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ပြိုင်ပွဲစုံဂိုး(၄၀)ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲတွေကို လာမယ့် ဧပြီ(၁၅/၁၆)ရက်တွေမှာ ဆက်ကစားသွားမှာဖြစ်ပါတယ်။