၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ နည်းပြတူချယ်လ်ရဲ့အင်္ဂလန်အသင်းကြီးဟာ သူတို့နဲ့လေ့ကျင့်မှုတွေပြုလုပ်ဖို့ အင်္ဂလန်ယူ-၂၁ အသင်းက ကြယ်ပွင့်ကစားသမား(၃)ဦးကို ခေါ်ယူခဲ့ပါတယ်။
နည်းပြတူချယ်လ်ဟာ သူ့ရဲ့ပထမဆုံးအင်္ဂလန်အသင်းလူစာရင်းမှာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ လူငယ်ကစားသမားအချို့ကို ရွေးချယ်ထားပြီး လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။

အင်္ဂလန်အသင်းကို (၁၈)လစာချုပ်နဲ့ ကိုင်တွယ်နေတဲ့ နည်းပြတူချယ်လ်ရဲ့ဦးစားပေးက ဆုဖလားရယူဖို့ဖြစ်ပေမယ့် လူငယ်ကစားသမားတွေကိုပါ ခေါ်ယူပြီး အနာဂတ်အတွက် ရည်ရွယ်လာခဲ့တာဖြစ်ပါတယ်။ တူချယ်လ်ဟာ ယူ-၂၁ ကစားသမားတွေဖြစ်တဲ့ ဆောက်သမ်တန်အသင်းနောက်ခံလူ ဟာဝုဒ်ဘယ်လစ်၊ခရစ္စတယ်ပဲလေ့စ်အသင်းကွင်းလယ်လူ ဝါတန်နဲ့ အစ်ဝှစ်ခ်ျအသင်းတိုက်စစ်မှူး ဒီလပ်တို့ကို အင်္ဂလန်အသင်းကြီးရဲ့လေ့ကျင့်ခန်းအစီအစဉ်ထဲ ခေါ်ယူခဲ့တာပါ။

ဟာဝုဒ်ဘယ်လစ်နဲ့ ဝါတန်တို့ဟာ အင်္ဂလန်အသင်းကြီးမှာ ရွေးချယ်ခံရဖူးပြီး ကစားခွင့်လည်းရထားပေမယ့် ဒီလပ်ကတော့ ယူ-၂၁ အဆင့်မှာသာ ကစားခဲ့ဖူးပါတယ်။ အင်္ဂလန်အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ ကိုးလ်ပါမားဟာ ကြွက်သားဒဏ်ရာကြောင့် လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နိုင်ခြင်းမရှိဘဲ ချယ်လ်ဆီးအသင်းမှာသာ ရှိနေတာပါ။ ကိုးလ်ပါမားဟာ အင်္ဂလန်အသင်းလူစာရင်းကနေ တရားဝင်နုတ်ထွက်ထားခြင်းမရှိသေးပေမယ့် အခုလာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပါဝင်နိုင်ဖွယ်မရှိပါဘူး။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် အယ်လ်ဘေးနီးယား၊လတ်ဗီးယားအသင်းတို့ကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion