မနေ့က အက်သလက်တီကိုမက်ဒရစ်(၁-ဝ)ရီးရဲလ်မက်ဒရစ် ပယ်နယ်တီ(၂-၄)ဂိုး ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်ရဲ့ပယ်နယ်တီအဆုံးအဖြတ်မှာ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ရဲ့သွင်းဂိုကို ခွင့်မပြုတဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီက မေးခွန်းထုတ်ခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မှာ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ ကန်သွင်းဖို့ ပြင်ချိန်ခြေချော်ပြီး ဘောလုံးကို သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးနဲ့ ထိကာ ဂိုးဝင်အောင်ကန်သွင်းခဲ့တာပါ။

ပယ်နယ်တီကန်သွင်းချိန်မှာ ဘောလုံးကို ခြေထောက်တစ်ဖက်နဲ့သာ ထိရမှာဖြစ်တဲ့အတွက် VAR က ဒီအဖြစ်အပျက်ထဲကို ပါဝင်လာပြီးနောက် အယ်လ်ဗာရက်ဇ်ရဲ့ပယ်နယ်တီသွင်းဂိုးကို ခွင့်မပြုကြောင်း ပိုလန်ဒိုင်လူကြီး မာစီနီယက်ခ်က အချက်ပြခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက်တော့ အယ်လ်ဗာရက်ဇ်ရဲ့သွင်းဂိုးကို ခွင့်မပြုခံခဲ့ရတာဟာ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ကွင်းလယ်လူလော်ရန်တေးကပါ ပယ်နယ်တီလွဲချော်ခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရပါတယ်။

ဆီမြွန်နီက "ဂျူလီယန်က ဘောလုံးကို နှစ်ဖက်စလုံးနဲ့ထိခဲ့တယ်လို့ ဒိုင်လူကြီးက ပြောခဲ့ပေမယ့် ဘောလုံးက မရွေ့ခဲ့ပါဘူး။ ဒါက အငြင်းပွားစရာပါပဲ။ သူကန်တဲ့အချိန်မှာ ဘောလုံးက နည်းနည်းလေးတောင် မရွေ့ပါဘူး။ ဒါပေမယ့် သူတို့က VAR ကိုစစ်ဆေးခိုင်းပြီး သူထိတယ်ဆိုပြီး မြင်တွေ့ခဲ့ပါတယ်"ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆီမြွန်နီက အယ်လ်ဗာရက်ဇ်ရဲ့သွင်းဂိုးကို ခွင့်မပြုသင့်ဘူးလို့ ထင်ရင် လက်ကိုမြှောက်ဖို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ သတင်းထောက်တွေကို အကြိမ်ကြိမ်စိန်ခေါ်မှုပြုလုပ်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဂိုးသမား ကော်တိုအာက အယ်လ်ဗာရက်ဇ် ဘောလုံးကို (၂)ကြိမ်ထိခဲ့တယ်လို့ ခံစားခဲ့ရတာကြောင့် ဒိုင်လူကြီးကို ပြောခဲ့ပြီး ဒါကိုမြင်တွေ့ဖို့ မလွယ်ကူခဲ့ဘူးလို့ မီဒီယာသမားတွေကို ပြောခဲ့တာဖြစ်ပါတယ်။