စပါးအသင်းက ဖူလ်ဟမ်အသင်းကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား မာသီးစ်တယ်လ်ဟာ ရှုံးပွဲကြောင့် ဒေါသထွက်နေတဲ့ စပါးအသင်းပရိသတ်တွေထံ သွားရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။
မာသီးစ်တယ်လ်ဟာ စပါးအသင်းပရိသတ်တွေကို စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့နဲ့ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ဖို့အတွက် "ငါတို့အတူတူရှိနေဖို့လိုအပ်တယ်"လို့ ပြောခဲ့တာပါ။

စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၅)ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ပရိသတ်တွေဟာ ဒေါသထွက်နေခဲ့ကြတာဖြစ်ပါတယ်။ စပါးအသင်းပရိသတ်တွေဟာ ပရီးမီးယားလိဂ်ရလဒ်ဆိုးတွေကြောင့် ဖိအားတွေရောက်ရှိနေတဲ့ နည်းပြပိုစတီကိုဂလူးကို တိုက်ရိုက်ရည်ရွယ်တဲ့ သီကြွေးမှုတွေကို ပြုလုပ်ခဲ့ကြတာပါ။ ပွဲအပြီးမှာတော့ မာသီးစ်တယ်ဟာ စပါးအသင်းပရိသတ်တွေရှိတဲ့နေရာကို သွားရောက်ပြီး သူတို့ရဲ့အားပေးထောက်ခံမှု လိုအပ်ကြောင်း သွားပြောခဲ့တာဖြစ်ပါတယ်။

မာသီးစ်တယ်လ်ဟာ စပါးအသင်းပရိသတ်တွေနဲ့ အပြန်အလှန်စကားပြောပြီးနောက် ကြော်ငြာဆိုင်းဘုတ်ကို ကျော်ကာ ကွင်းထဲကို ပြန်ဝင်ပြီး ဥမင်ထဲကို သွားရောက်ခဲ့တာပါ။ မာသီးတယ်လ်ဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ(၆)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားပါတယ်။ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ပရိသတ်တွေရဲ့ဒေါသကို နားလည်ကြောင်းဝန်ခံခဲ့ပြီး ရလဒ်တွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုခဲ့ပါတယ်။
စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၁၄)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာက ချယ်လ်ဆီးအသင်းနဲ့ (၁၅)မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Discussion