အီတလီတိုက်စစ်ကစားသမား ချီယေဆာဟာ ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းက ထွက်ခွာပြီး အီတလီကိုပြန်ကာ စီးရီးအေပြိုင်ပွဲမှာ ပြန်ကစားဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ဂျူဗင်တပ်စ်အသင်းကနေ ပေါင်(၁၂.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ချီယေဆာဟာ လီဗာပူးလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ(၁၁)ပွဲသာ ပါဝင်ကစားခွင့်ရရှိထားတာပါ။

အီတလီမီဒီယာတွေက ချီယေဆာဟာ တစ်ရာသီအကြာမှာပဲ လီဗာပူးလ်အသင်းကို ပြန်နှုတ်ဆက်ပြီး စီးရီးအေဟာ သူသွားဖို့ဖြစ်နိုင်ဖွယ်ရှိတဲ့ နေရာအဖြစ်ဖော်ပြထားပါတယ်။ ယူရို-၂၀၂၀ ချန်ပီယံ အီတလီအသင်းမှာပါဝင်ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ချီယေဆာဟာ ဒဏ်ရာတွေကြောင့် သူ့ရဲ့ကစားသမားဘဝကို အများကြီးထိခိုက်ခဲ့ပြီး လီဗာပူးလ်အသင်းမှာ သူ့ရဲ့အခြေအနေဟာ ပိုပြီးဆိုးရွားခဲ့တာပါ။
ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် (၂)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ထားတဲ့ ချီယေဆာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၅)မိနစ်သာ ပါဝင်ကစားခွင့်ရရှိထားတာဖြစ်ပါတယ်။

နည်းပြကွန်တီကိုင်တွယ်နေတဲ့ နာပိုလီအသင်းဟာ ချီယေဆာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ချီယေဆာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် လီဗာပူးလ်အသင်းက သူ့ကိုလက်လွှတ်ခဲ့ခြင်းမရှိပါဘူး။
ချီယေဆာအနေနဲ့ လီဗာပူးလ်အသင်းက ထွက်ခွာပြီး နာပိုလီအသင်းထံ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လုပ်ခလစာလျှော့ယူဖို့ကို လက်ခံရဖို့ရှိနေတာပါ။ ချီယေဆာအနေနဲ့ လီဗာပူးလ်အသင်းက အပြီးသတ်မထွက်ခွာခဲ့ရင်လည်း အငှားနဲ့ထွက်ခွာဖို့ ကြိုးပမ်းလာနိုင်တာဖြစ်ပါတယ်။
Discussion