ရာသီကုန်မှာ လီဗာပူးလ်အသင်းက မိမိထွက်ခွာမယ်လို့ ညာနောက်ခံလူ အာနိုးလ်ကြေညာ

အင်္ဂလန်ညာနောက်ခံလူ အာနိုးလ်ဟာ ဆယ်စုနှစ်(၂)ခုကြာကစားခဲ့တဲ့ ငယ်ဘဝကလပ်လီဗာပူးလ်အသင်းကနေ ဒီရာသီကုန်ရင်ထွက်ခွာမယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာက ကြေညာသွားခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီရာသီကုန်မှာကုန်ဆုံးမယ့် လီဗာပူးလ်အသင်းနဲ့ စာချုပ်ကို သက်တမ်းမတိုးဘဲ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပါ။
အာနိုးလ်က "လီဗာပူးလ်အသင်းမှာ နှစ်(၂၀)ကြာကစားပြီးနောက် အခုက ရာသီကုန်မှာ ထွက်ခွာတော့မယ်ဆိုတဲ့အကြောင်း အတည်ပြုရမယ့်အချိန်ပါ။ ဒါဟာ ကျွန်တော့်ဘဝမှာ အခက်အခဲဆုံးဖြတ်ချက်တွေထဲက တစ်ခုပါ။ ဒီကလပ်က ကျွန်တော့်ရဲ့ဘဝတစ်ခုလုံးပါပဲ။ ဒီဆုံးဖြတ်ချက်က စိန်ခေါ်မှုအသစ်တွေကို တွေ့ကြုံခံစားဖို့အတွက်ပါ။ ဒီကလပ်ကိုချစ်တဲ့အချစ်တွေက ဘယ်တော့မှ မသေဘူး"လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းကလည်း အာနိုးလ်စာချုပ်ကုန်ဆုံးရင် ထွက်ခွာမယ်ဆိုတာကို ကလပ်ရဲ့ဆိုရှယ်မီဒီယာမှာ အတည်ပြုထားပါတယ်။ အာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး (၆)နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကို ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူစာရင်းထဲ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပြီး ဒီလိုအသုံးပြုလို့ရအောင် လီဗာပူးလ်အသင်းကို လျော်ကြေးအချို့ပေးသွားဖို့ရှိနေတာပါ။
အသက်(၆)နှစ်အရွယ်ကတည်းက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ အာနိုးလ်ဟာ ပွဲပေါင်း(၃၅၂)ပွဲပါဝင်ကစားထားပြီး ဒုအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားပါတယ်။ အာနိုးလ်ဟာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်(၂)ကြိမ်၊ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအားလုံးကို ရယူထားခဲ့တာဖြစ်ပါတယ်။