ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား
Ballon d’Or ဆုကို ဆွတ်ခူးခဲ့သူတွေထဲမှာ အသက်အငယ်ဆုံးဆွတ်ခူးသူအဖြစ်စံချိန်တင်ထားတာက ၁၉၉၇ ခုနှစ်မှာ ဆွတ်ခူးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးရော်နယ်ဒို(ဒိုကြီး)ဖြစ်ပါတယ်။ ဒိုကြီး ဒီဆုကို ဆွတ်ခူးခဲ့ချိန်က အသက်(၂၁)နှစ်၊ (၃)လ၊ (၅)ရက်ရှိခဲ့ပြီး ဒီအသက်အရွယ်က အခုအချိန်အထိ သူ့ကို စံချိန်တစ်ခုအဖြစ် မှတ်တမ်းတင်နေစေခဲ့ပါတယ်။

နှစ်ပေါင်း(၂၈)နှစ်ကြာချိန်အထိ တည်မြဲနေတဲ့ ဒီအသက်အငယ်ဆုံးBallon d’Or ဆုရှင်စံချိန်ကို ဒီနှစ်မှာ ဘာစီလိုနာလူငယ်ကစားသမားလာမင်းယာမားလ်က ရိုက်ချိုးတော့မလားဆိုတာ စောင့်ကြည့်စရာဖြစ်လာပါတယ်။ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြပြီး ဂိုးသွင်း/ဂိုးဖန်တီးမှုတွေများစွာပြုလုပ်နေတဲ့ ယာမားလ်ဟာ အသက်(၁၇)နှစ်ကျော်အရွယ်သာရှိသေးပြီး အသက်အငယ်ဆုံးစံချိန်တွေအမျိုးမျိုးတင်ခဲ့သူပါ။

အခု ၂၀၂၅ ခုနှစ်အတွက် Ballon d’Or ဆုရေပန်းစားမှုစာရင်းမှာ ယာမားလ်က ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်တွေအရ ဒီဆုရနိုင်တဲ့ ဖြစ်နိုင်ခြေရာခိုင်နှုန်းက (၃၃.၃%)အထိရှိနေကြောင်း သိရပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းဗိုလ်စွဲအောင် ဂိုးသွင်း/ဂိုးဖန်တီးမှုတွေများစွာပြုလုပ်ခဲ့ပြီး အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေတဲ့ လီဗာပူးလ်တိုက်စစ်မှူးဆာလာတောင် ဒီဆုရနိုင်ခြေရာခိုင်နှုန်း(၁၁.၁%)သာရှိတာကို ကြည့်မယ်ဆိုရင် ယာမားလ်အနေနဲ့ အခွင့်အလမ်းအများကြီးသာနေတာကို တွေ့နိုင်ပါတယ်။

ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် Ballon d’Or ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ရေပန်းစားတဲ့အတိုင်းယာမားလ်က ၂၀၂၅ ခုနှစ်အတွက်ဆုကို ရခဲ့မယ်ဆိုရင် သူ့အသက်(၁၈)နှစ်(၃)လအရွယ်သာရှိမှာဖြစ်ပြီး ဒိုကြီးရဲ့အသက်အငယ်ဆုံးစံချိန်ကို (၂)နှစ်အသာနဲ့ ကျော်ဖြတ်ကာ စံချိန်သစ်တင်မှာဖြစ်ပါတယ်။
ရေပန်းစားနေတဲ့အတိုင်း ဒီဆုကို ယာမားလ်ရမရဆိုတာက ဒီရာသီကုန် ဘာစီလိုနာအသင်းရဲ့အောင်မြင်မှုတွေအပေါ်မှာလည်း အဓိကမူတည်နေပြီး ဘာတွေဖြစ်လာမလဲဆိုတာပရိသတ်တွေ ဆက်ပြီး စောင့်ကြည့်ရမှာပါ။
Ballon d’Or ဆုရခဲ့သူတွေထဲမှာ
အသက်အငယ်ဆုံးကစားသမား(၅)ဦးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Ronaldo Nazario, 21 years, 3 months and 5 days (1997)
Michael Owen, 22 years and 4 days (2001)
Lionel Messi, 22 years, 5 months and 7 days (2009)
George Best, 22 years, 7 months and 2 days (1968)
Oleg Blokhin, 23 years, 1 month and 25 days (1975)