ရီးရဲလ်မက်ဒရစ်အသင်းရဲ့အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက ဗီလာရီးရဲလ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ပွဲတစ်ပွဲနဲ့ တစ်ပွဲအကြား အနည်းဆုံး(၇၂)နာရီ အနားယူခွင့်မရရင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲမကစားဘဲ ဆန့်ကျင်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ် မက်ဒရစ်ဒါဘီပွဲနဲ့ လာလီဂါပွဲစဉ် ဗီလာရီးရဲလ် (၁-၂)ရီးရဲလ်မက်ဒရစ်ပွဲအကြား (၇၂)နာရီမခြားဘဲ ကစားခဲ့ရလို့ အန်ဆယ်လော့တီက ဒေါသပေါက်ကွဲခဲ့တာပါ။

အခုတော့ လာလီဂါအဖွဲ့ချုပ်ရဲ့ ပွဲစဉ်တွေကို လိုသလိုရေးဆွဲနေမှုက ရီးရဲလ်မက်ဒရစ်အသင်းသာမက ဘာစီလိုနာ၊ အိုဆာဆူနာအသင်းတို့နဲ့ပါ ဆက်ပြီး ပြဿနာဖြစ်လာမယ့်အလားအလာမှာ ရှိနေပါတယ်။
တကယ်တော့ ဘာစီလိုနာနဲ့ အိုဆာဆူနာတို့ကစားရမယ့် လာလီဂါပွဲစဉ်က ပြီးခဲ့တဲ့ မတ်(၈)ရက်နေ့မှာ ကစားဖို့ပါ။ ဘာစီလိုနာအသင်းရဲ့ဆရာဝန်တစ်ဦးဖြစ်တဲ့ကာလက်စ်ဟာ အဲဒီနေ့ ပွဲစတင်ဖို့ နာရီပိုင်းအလိုမှာ ကွယ်လွန်ခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ဒီပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဒီရွှေ့ဆိုင်းတဲ့ပွဲကို အခုမတ်(၂၇)ရက်နေ့မှာ ပြန်ကစားဖို့ လာလီဂါအဖွဲ့ချုပ်က သတ်မှတ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီနေ့က နိုင်ငံတကာပွဲစဉ်တွေအတွက် သတ်မှတ်ထားတဲ့ မတ်လနိုင်ငံတကာရက်သတ္တပတ်အပြီး နောက်တစ်ရက်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာပွဲတွေအတွက် အဝေးကို ရောက်ရှိနေတဲ့ကစားသမားတွေ အနေနဲ့ ဒီပွဲအမီပြန်လာဖို့ ခဲယဉ်းပါတယ်။
ဒါကြောင့် ဘာစီလိုနာအသင်းက ဒီနေ့အစား လာလီဂါပွဲစဉ်(၃၇)နဲ့ (၃၈)အကြား မေလထဲကစားဖို့ တောင်းဆိုခဲ့ပေမယ့် လာလီဂါအဖွဲ့ချုပ်က လက်မခံခဲ့ပါဘူး။ ဘာစီလိုနာအသင်းရဲ့တောင်အမေရိကကစားသမားအတော်များများ ဒီပွဲကို လွဲချော်ဖွယ်ရှိနေပြီး အိုဆာဆူနာအသင်းကလည်း ဒီပွဲအပြီး (၄၈)နာရီတောင်မခြားဘဲ ဘီလ်ဘာအို-အိုဆာဆူနာပွဲကို ကစားရမှာဖြစ်လို့ ဒီအဝေးကွင်းပွဲနှစ်ပွဲက သူတို့အတွက် ရူးသွပ်စရာပါပဲ။
ဒါကြောင့် ဘာစီလိုနာရော၊ အိုဆာဆူနာအသင်းပါ လာလီဂါအဖွဲ့ချုပ်ရဲ့ ပွဲစီစဉ်မှုကို မကျေမနပ်ဖြစ်နေကြပြီး ဘယ်လိုတုံ့ပြန်မှုတွေ ဆက်ရှိလာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ကစားသမားတွေကို အကာအကွယ်ပေးဖို့အတွက် ပွဲတွေအကြား အနည်းဆုံး(၇၂)နာရီ အနားပေးဖို့ အကြံပြုထားပေမယ့် လာလီဂါအဖွဲ့ချုပ်ကတော့ ဘယ်သူ့ကိုမှာ ဂရုမစိုက်ဘဲ သူတို့လုပ်ချင်ရာကို လုပ်နေတဲ့သဘောပါပဲ။
Discussion