ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့ သေချာသလောက်ရှိနေတဲ့ လီဗာပူးလ်နောက်ခံလူအာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ လက်ရှိသူဝတ်ဆင်နေတဲ့ ကျောနံပါတ်(၆၆)ကို ရွေးချယ်ဝတ်ဆင်ခွင့်ရမှာမဟုတ်ကြောင်း သိရပါတယ်။ အာနိုးလ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကျောနံပါတ်(၂၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၄၊ ၁၆၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂)အစရှိသဖြင့် အစုံဝတ်ဆင်ဖူးသူဖြစ်ပေမယ့် လီဗာပူးလ်အသင်းမှာတော့ ကျောနံပါတ်(၆၆)ကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်သူဖြစ်ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျောနံပါတ်နဲ့ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် သတ်မှတ်ချက်တွေမရှိတာကြောင့် အာနိုးလ်အနေနဲ့ ကျောနံပါတ်(၆၆)ကို ဝတ်ဆင်ခွင့်ရနေပေမယ့် လာလီဂါမှာတော့ အင်္ကျီကျောနံပါတ်တွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းသတ်မှတ်ချက်တွေက ပိုတင်းကျပ်တာကြောင့် အာနိုးလ်အနေနဲ့ သူ့အကြိုက်ကျောနံပါတ်(၆၆)ကို ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားဖြစ်ခဲ့ရင် ရွေးချယ်ခွင့် ဆုံးရှုံးမှာဖြစ်ပါတယ်။

လာလီဂါမှာ ကလပ်အသင်းတွေ ကျောနံပါတ်မှတ်ပုံတင်တဲ့အခါ ပုံမှန်ကစားသမားတွေအတွက် ကျောနံပါတ်(၂၅)အထိသာ ခွင့်ပြုချက်ပေးထားတာဖြစ်ပါတယ်။ အသင်းက လူငယ်ကစားသမားတွေအတွက် ကျောနံပါတ်အပိုမှတ်ပုံတင်ရာမှာလည်း ကျောနံပါတ်(၂၆)ကစတင်ပြီးအစဉ်အလိုက်အတိုင်းသာ မှတ်ပုံတင်ခွင့်ပြုတာကြောင့် အများဆုံးကျောနံပါတ်(၃၅)ဝန်းကျင်အထိသာရှိပါတယ်။ ကျောနံပါတ်တွေကို ပရီးမီးယားလိဂ်၊ စီးရီးအေတို့လို ကြားမှာ အများကြီးခြားပြီး မှတ်ပုံတင်ဖို့ ခွင့်မပြုထားတာကြောင့် အာနိုးလ်အနေနဲ့ ကျောနံပါတ်(၆၆)ကို ရွေးချယ်ခွင့်မရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အာနိုးလ်အနေနဲ့ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်ပြောင်းရွှေ့ဖို့အတွက် နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုတွေပြုလုပ်နေပြီး သူ့အနေနဲ့ တစ်နှစ်လစာငွေ ယူရို(၁၅)သန်း(ပေါင် ၁၃ သန်း)ခန့် ရဖွယ်ရှိနေပါတယ်။