ကစားသမားဘ၀ အဆုံးသတ်ဖို့နီးကပ်လာပြီဖြစ်တဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်က သူဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အနားယူချင်တယ်လို့ Telefoot နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြုခဲ့ပါတယ်။

၂၀၁၂ ခုနှစ်နွေရာသီက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မိုဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နောက်ထပ်တစ်ရာသီ စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိနေတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းမှာ အောင်မြင်မှုအများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်ထားတဲ့ မိုဒရစ်ဟာ ဒီရာသီမှာလည်း အောင်မြင်မှုတွေရယူနိုင်ဖို့ ဆာလောင်နေတာဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားလက်ရွေးစင်အသင်းကို ဦးဆောင်ချင်နေတဲ့ မိုဒရစ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးသတင်းတွေအများအပြားထွက်ပေါ်နေပေမယ့် သူဟာ လစာလျှော့ယူရမယ်ဆိုရင်တောင် လက်ခံပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နောက်ထပ်စာချုပ်သစ်ချုပ်ဆိုဖို့ လမ်းဖွင့်ထားတာပါ။

မိုဒရစ်ရဲ့ဦးစားပေးဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ပြီးရှိချင်တာကြောင့် သူ့ရဲ့ကိုယ်စားလှယ်တွေဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မကြာခင်မှာ ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိနေပါတယ်။ မိုဒရစ်ကိုခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေပေမယ့် သူကတော့ ဝင်ငွေပိုပြီးရရှိတာထက် ဘောလုံးပြိုင်ဆိုင်မှုပြင်းထန်တဲ့နေရာမှာ ဆက်ပြီးရှိချင်နေတာပါ။

မိုဒရစ်က "အခုအချိန်မှာ အနားယူဖို့မစဉ်းစားပါဘူး။ ကျွန်တော်အမြဲတမ်းပြောခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းမှာ အနားယူချင်ပြီး ဒါက ကျွန်တော့်အတွက် အိပ်မက်တစ်ခုပါ။ ရာသီမကုန်ဆုံးသေးတာကြောင့် ဆုံးဖြတ်ချက်ချဖို့အတွက် အလျင်စလိုပြုလုပ်သွားမှာမဟုတ်ဘူး"လို့ ဆိုခဲ့ပါတယ်။

အသက်(၃၉)နှစ်အရွယ်ရှိ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲပေါင်း(၅၇၉)ပွဲပါဝင်ကစားထားပြီး (၄၃)ဂိုးသွင်းယူကာ ဆုဖလားပေါင်း(၂၈)ခု ရယူထားပါတယ်။