အာဆင်နယ်အသင်းက ဖူလ်ဟမ်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့အဓိကနောက်ခံလူတွေဖြစ်တဲ့ ဂါဘရီရယ်လ်နဲ့တင်ဘာတို့ ဒဏ်ရာရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ ဒဏ်ရာစိုးရိမ်စရာတွေရှိခဲ့ပါတယ်။

ဒဏ်ရာကြောင့် (၃)လကျော်ကြာအနားယူခဲ့ရတဲ့ တောင်ပံကစားသမား ဆာကာဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ပြီး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဗဟိုနောက်ခံလူ ဂါဘရီရယ်လ်ကို ပွဲချိန်(၁၆)မိနစ်နဲ့ ညာနောက်ခံလူ တင်ဘာကို ပွဲချိန်(၇၇)မိနစ်မှာ ဒဏ်ရာတွေကြောင့် လူစားလဲခဲ့ရတာပါ။

အာဆင်နယ်အသင်းဟာ ဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ ကာလာဖီအိုရီကိုလည်း ဒဏ်ရာကြောင့် အနားပေးထားရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မီ ခံစစ်ဒဏ်ရာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ အာဆင်နယ်အသင်းဟာ ဂါဘရီရယ်လ်နဲ့ တင်ဘာတို့ရဲ့ဒဏ်ရာအခြေအနေတွေကို ဗုဒ္ဓဟူးနေ့မှာ စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနည်းပြအာတီတာက "ဒါဟာ စိုးရိမ်စရာရှိပါတယ်။ ဘာလို့လဲဆိုရင် ဂါဘရီရယ်လ်ဟာ ဘယ်တော့မှထွက်ခွာခဲ့ခြင်းမရှိလို့ပါ။ သူဟာ တစ်ခုခုခံစားရပြီး ဘယ်လောက်အထိကြီးမားလဲဆိုတာ ကျွန်တော်တို့မသိပါဘူး။ တင်ဘာလည်း ဒီလိုပါပဲ။ သူဟာ ပွဲချိန်အစောပိုင်းကတည်းက ရုန်းကန်နေရပြီး မကစားနိုင်တဲ့အချိန်မှာတောင် ဆက်သွားနေခဲ့တယ်"လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာဆိုခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မတိုင်မီ အဲဗာတန်အသင်းအိမ်ကွင်းသွားရောက်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။