ဒီတစ်ပတ်လာလီဂါပွဲစဉ်(၃၀)မှာ အမှတ်ပေးဇယားထိပ်ဆုံးက
ဘာစီလိုနာအသင်းရော ရီးရဲလ်မက်ဒရစ်အသင်းပါ နိုင်ပွဲပျောက်ခဲ့ကြပါတယ်။
အစောပိုင်းပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက အဆင့်(၁၅)နေရာက ဗလင်စီယာအသင်းကို အိမ်ကွင်းမှာ (၁-၂)ဂိုးနဲ့ရှုံးခဲ့ပြီး ဒီရှုံးပွဲကို နောက်ကလိုက်ကစားတဲ့ ဘာစီလိုနာအသင်းက အခွင့်အရေးအပြည့်အ၀မယူနိုင်ခဲ့ဘဲ ဘက်တစ်အသင်းနဲ့ အိမ်ကွင်းမှာ (၁-၁)ဂိုးနဲ့သရေကျခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်(၁-၂)ဗလင်စီယာပွဲမှာ ဗလင်စီယာအသင်းရဲ့ဦးဆောင်ဂိုးကို ပွဲချိန်မိနစ်(၅၀)မှာ ဗင်နီစီယပ်စ်က ချေပခဲ့ပေမယ့် ထပ်ဆောင်းအချိန်ပို(၉၀+၄)မိနစ်မှာ ဗလင်စီယာဘက်က ဟူဂိုဒူရိုက အနိုင်ဂိုးသွင်းသွားလို့ အိမ်ကွင်းမှာ ရီးရဲလ်ရှုံးချက်နာခဲ့ရတာပါ။

ဒီရှုံးပွဲက ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၅)ပွဲမြောက်ရှုံးပွဲဖြစ်ခဲ့ပြီး ဒီပွဲမှာ ဗင်နီစီယပ်စ်ကလည်း ဒီရာသီမှာ ဒုတိယအကြိမ်အဖြစ် ပယ်နယ်တီလွဲခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဒီရာသီပထမအကျော့မှာ အနိုင်မရခဲ့ဘဲ (၂-၂)ဂိုးနဲ့သရေကျခဲ့တဲ့ ဘက်တစ်အသင်းကို အိမ်ကွင်းမှာလည်း အနိုင်မရခဲ့ဘဲ (၁-၁)ဂိုးရလဒ်နဲ့ သရေကျခဲ့ပါတယ်။ ပွဲချိန်(၇)မိနစ်မှာ ဘက်တစ်လူငယ်ကစားသမားဟောင်း ဂါဘီက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် တစ်ပွဲလုံးဂိုးထပ်မရတော့ဘဲ ဒီတစ်ဂိုးနဲ့ ကျေနပ်ခဲ့ရတာပါ။

ဘက်တစ်အသင်းအတွက် ပွဲချိန်(၁၇)မှာပဲ နောက်ခံလူနာသန်က ချေပဂိုးသွင်းယူခဲ့ပြီး ဒီပွဲမှာ နာသန်က ဂိုးသွင်းရုံမက ဘာစီလိုနာတိုက်စစ်ကစားသမားတွေကိုလည်း ခံစစ်မှာ အကောင်းဆုံးကာကွယ်တားဆီးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို (၆)မှတ်ဖြတ်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး (၄)မှတ်အသာ ရမှတ်(၆၇)မှတ်နဲ့ အမှတ်ပေးဇယားမှာ ဆက်လက်ဦးဆောင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ရမှတ်(၆၃)မှတ်နဲ့ ဒုတိယနေရာမှာရပ်တည်နေပြီး လက်ကျန်ပွဲ(၈)ပွဲမှာ ဒီရမှတ်ကွာခြားမှုကို ချေဖျက်ဖို့ ကြိုးစားရမှာပါ။
ဒီနေ့ ဆီဗီလာနဲ့ ကစားရမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းက ရမှတ်(၅၇)မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။
Discussion