ရိုးမားအသင်းကို ကိုင်တွယ်ဖို့ ကလော့ပ်သဘောတူညီမှုရရှိခဲ့တယ်ဆိုတဲ့ သတင်းကို အေးဂျင့်ဖြစ်သူငြင်းဆန်

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်ဟာ စီးရီးအေကလပ် ရိုးမားအသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်ဆိုပြီး အီတလီသတင်းစာ La Stampa က ဖော်ပြခဲ့တာကို ကလော့ပ်ရဲ့အေးဂျင့်ဖြစ်သူကိုဆစ်ကီက ငြင်းဆန်ခဲ့ပါတယ်။
ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ ဝါရင့်နည်းပြရာနီရေးရီဟာ ဒီရာသီကုန်ရင် အသင်းကထွက်ခွာမှာဖြစ်လို့ ကလော့ပ်နဲ့ ရိုးမားအသင်းတို့ရဲ့သတင်းတွေထွက်ပေါ်လာခဲ့တာပါ။

ဂျာမန်လူမျိုးနည်းပြကလော့ပ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ ရက်ဘူးလ်ရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲအဖြစ် ပြီးခဲ့တဲ့ဇန်နဝါရီမှာ စတင်တာဝန်ယူခဲ့ကာ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။
ကလောပ့်ဟာ လီဗာပူးလ်အသင်းနည်းပြရာထူးက ထွက်ခွာမယ်လို့ ကြေညာခဲ့ချိန်က သူ့မှာ စွမ်းအင်တွေကုန်ဆုံးသွားပြီလို့ ဝန်ခံခဲ့တာပါ။ ကလော့ပ်ဟာ သူ့ရဲ့ဇနီးဖြစ်သူနဲ့ မိသားစုကို အချိန်ပိုပေးချင်တာကြောင့် နည်းပြလောကထဲ ပြန်လည်ဝင်ရောက်ဖို့ အစီအစဉ်မရှိသေးတာဖြစ်ပါတယ်။

ဒီအချိန်မှာ ရိုးမားအသင်းနည်းပြရာထူးအတွက် သတင်းတွေထွက်ပေါ်လာခဲ့ပြီး ကလောပ့်ရဲ့အေးဂျင့်ဖြစ်သူက ဒီသတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ ဆိုခဲ့တာပါ။ အီတလီသတင်းစာဟာ ရိုးမားအသင်းက ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံကိုကြည့်ပြီး မှားယွင်းတဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုခဲ့တာဖြစ်နိုင်တယ်လို့ သိရပါတယ်။ ရိုးမားအသင်းကို ရလဒ်ကောင်းတွေရရှိအောင်ကိုင်တွယ်ပေးထားတဲ့ ရာနီရေးရီဟာ နည်းပြရာထူးကထွက်ခွာပြီးရင် အသင်းရဲ့အားကစားအကြံပေးဖြစ်လာတော့မှာပါ။
ရိုးမားအသင်းဟာ စီးရီးအေအမှတ်ပေးဇယားအဆင့်(၅)နေရာမှာ ရပ်တည်နေပြီး အဆင့်(၄)နေရာက ဂျူဗင်တပ်စ်အသင်းနဲ့ (၁)မှတ်သာကွာဟကာ ရာသီနောက်ဆုံးပွဲစဉ်အဖြစ် တိုရီနိုအသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။