ရိုက်စ်ရဲ့လှပတဲ့ ဖရီးကစ်ဂိုးတွေကြောင့် ရေတိမ်နစ်ရတဲ့ရီးရဲလ် ၊ အိမ်ကွင်းမှာ အင်တာမီလန်ကိုရှုံးတဲ့ ဘိုင်ယန်မြူးနစ်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)

အာဆင်နယ်(၃-၀)ရီးရဲလ်မက်ဒရစ်
ဘိုင်ယန်မြူးနစ်(၁-၂)အင်တာမီလန်

ချန်ပီယံလိဂ်လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းက အင်္ဂလန်မြေမှာ ဒီရာသီ ဒုတိယရှုံးပွဲအဖြစ် အာဆင်နယ်အသင်းကို (၀-၃)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ဒီပွဲမတိုင်မီကတည်းက အာဆင်နယ်အသင်းရဲ့Set-Piece တွေကို သတိထားရမယ်လို့ ဆိုခဲ့တဲ့ ရီးရဲလ်ဂိုးသမား ကော်တိုအာလည်း တကယ့်လက်တွေ့မှာတော့ အာဆင်နယ်ကွင်းလယ်လူဒက်ကလန်ရိုက်စ်ရဲ့တိုက်ရိုက်ဖရီးကစ်တွေကို မကာကွယ်နိုင်ခဲ့ဘဲ ဂိုးတွေပေးခဲ့ရပါတယ်။

ဒါတောင် ပထမပိုင်းမှာ အာဆင်နယ်ထောင့်ကန်ဘောကလာတဲ့ဘောလုံးကို ပါတေးခေါင်းတိုက်တာ ဆာလီဘာရဲ့ပုခုံးနဲ့ထိပြီး ဂိုးမဝင်ခဲ့လို့ ရီးရဲလ်သက်သာရာရခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က အိမ်ကွင်းမှာ ကစားကွက်ပိုစီးခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဂိုးပေါက်ကို ထိရောက်တဲ့ကန်သွင်းမှုတွေ၊ ခေါင်းတိုက်ချက်တွေနဲ့ ခြိမ်းခြောက်နိုင်ခဲ့တယ်။ ကော်တိုအာအနေနဲ့ ဖရီးကစ်တွေကို မကာကွယ်နိုင်ခဲ့ပေမယ့် အာဆင်နယ်ကစားသမားတွေရဲ့ အန္တရာယ်များတဲ့ ကန်ချက်တွေကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့လည်း ရီးရဲလ် ဒီထက်ပိုဂိုးပြတ်မရှုံးခဲ့ရတာပါ။

အာဆင်နယ်အတွက် ဒုတိယပိုင်း(၅၈)မိနစ်နဲ့ (၇၀)မိနစ်တွေမှာ ဒက်ကလန်ရိုက်စ်က လှပသေသပ်တဲ့ ဖရီးကစ်ဂိုးတွေ သွင်းယူခဲ့ပြီး ပထမဖရီးကစ်ဂိုးပေးခဲ့ရပြီးချိန်မှာ ဒုတိယဖရီးကစ်ကို လျော့တိလျော့ရဲကာကွယ်ခဲ့တဲ့ ရီးရဲလ်ကစားသမားတွေရဲ့ Wall ကာကွယ်မှုပုံစံညံ့ဖျင်းတာကိုပဲ အပြစ်ဆိုရမှာဖြစ်ပါတယ်။ အာဆင်နယ်အတွက် တတိယဂိုးကိုတော့ စပိန်ကွင်းလယ်လူမယ်ရီနိုက ဂိုးစည်းအစပ်ကနေ ကန်သွင်းခဲ့ပါတယ်။

ချန်ပီယံလိဂ်ဘုရင်ရီးရဲလ်မက်ဒရစ်အသင်း အာဆင်နယ်ကို အရှုံးပေးခဲ့ရသလို ဂျာမန်ဘီလူးအသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကလည်း အင်တာမီလန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ရေးလမ်းကြောင်း မှေးမှိန်သွားခဲ့ပါတယ်။

တိုက်စစ်မှာမွှေနှောက်ကစားပြီး ဂိုးအခွင့်အလမ်းတွေ ဖန်တီးတတ်တဲ့ မူဆီယာလာမပါတာ၊ နောက်တန်းမှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ အူပါမီကာနိုတို့ဒဏ်ရာရနေတာကြောင့် ခံစစ်အထိုင်ပျက်သွားခံ့တာတွေက ဘိုင်ယန်မြူးနစ် ရှုံးရတဲ့အဓိကအကြောင်းအရင်းလို့ဆိုရမှာဖြစ်သလို အင်တာဂိုးသမားဆွန်းမား လက်စွမ်းပြခဲ့တာကလည်း ဘိုင်ယန်မြူးနစ်အတွက် ရသင့်တဲ့ဂိုးတွေ ဆုံးရှုံံးစေဖို့ ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ အင်တာမီလန်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်က အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ပွဲချိန်(၃၈)မိနစ်မှာ အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးနဲ့ အင်တာက ပွဲပြီးခါနီးအထိ ဦးဆောင်ခဲ့ပြီး ပွဲချိန်(၈၅)မိနစ်မှ မူလာက ချေပဂိုးသွင်းခဲ့တာပါ။ ဒီဂိုးက (၃)မိနစ်သာခံခဲ့ပြီး ပွဲချိန်(၈၈)မိနစ်မှာ အင်တာမီလန်အသင်းအတွက် လူစားဝင်ကွင်းလယ်လူ ဖရက်တီစီက အနိုင်ဂိုးသွင်းသွားခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ လွန်ခဲ့တဲ့(၄)နှစ်တိတိက PSG ကို အိမ်ကွင်းမှာ ရှုံးပြီးနောက်ပိုင်း ချန်ပီယံလိဂ်မှာ (၂၂)ပွဲဆက်တိုက် အရှုံးမရှိ(၁၇ ပွဲနိုင် ၅ ပွဲသရေ)ကစားထားတဲ့မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့ပါတယ်။