ရပ်ရှ်ဖိုဒ့်၊အန်တိုနီနဲ့ ဆန်ချိုအပြင် ဟွိုင်လန်းကိုပါရောင်းချဖို့ မန်ယူနိုက်တက်အသင်းအဆင်သင့်ဖြစ်

မန်ယူနိုက်တက်အသင်းဟာ အငှားချထားတဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖိုဒ့်၊အန်တိုနီနဲ့ ဆန်ချိုတို့အပြင် ဒီရာသီမှာခြေစွမ်းပြသနိုင်ဖိုရုန်းကန်နေရတဲ့ တိုက်စစ်မှူးဟွိုင်လန်းကို နွေရာသီအပြောင်းအရွှေ့မှာ ရောင်းချဖို့အဆင်သင့်ဖြစ်နေပါတယ်။ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့်ဆုံးရှုံးခဲ့တဲ့ မန်ယူနိုက်တက်အသင်းဟာ နွေရာသီမှာ သူတို့ရဲ့လူစာရင်းကို ပြန်တည်ဆောက်ဖို့ပြင်ဆင်နေတာပါ။
မန်ယူနိုက်တက်အသင်းဟာ ၂၀၂၃ ခုနှစ်နွေရာသီက ဒိန်းမတ်တိုက်စစ်မှူးဟွိုင်လန်းကို ပေါင်(၇၂)သန်းနဲ့ အတ္တလန်တာအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး သူဟာ အသင်းအတွက်ပြိုင်ပွဲစုံ(၉၄)ပါဝင်ကစားထားရာမှာ (၂၆)ဂိုးသာသွင်းယူထားတာဖြစ်ပါတယ်။ ဟွိုင်လန်းဟာ ဒီရာသီမှာဆိုရင် မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၅၁)ပွဲပါဝင်ကစားထားပြီး (၁၀)ဂိုးသာသွင်းယူနိုင်ကာ မကြာခဏဆိုသလို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
မန်ယူနိုက်တက်အသင်းဟာ နွေရာသီမှာ တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့ အခြားရွေးချယ်စရာတွေကို ရှာဖွေနေပြီး စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်သန်း(၃၀)ပေးပြီး ခေါ်ယူလို့ရမယ့် အစ်ဝှစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ဟာ သူတို့ရဲ့ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းကြယ်ပွင့်ကွန်ညာကိုလည်း ပေါင်(၆၂.၅)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတာပါ။ မန်ချက်စတာကလပ်ဟာ နွေရာသီမှာစာချုပ်ကုန်ဆုံးမယ့် နောက်ခံလူလင်ဒီလော့ဖ်၊အီဗန်စ်နဲ့ ကွင်းလယ်လူ အဲရစ်ဆင်တို့ကိုလည်း ထွက်ခွာခွင့်ပေးဖို့ရှိနေတာပါ။
မန်ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ အသင်းဥရောပြိုင်ပွဲယှဉ်ပြိုင်ခွင့်မရတဲ့အတွက် ဘဏ္ဍာရေးထိခိုက်မှုရှိမှာဖြစ်လို့ အသင်းအကြီးအကဲတွေဟာ နွေရာသီမှာ အပြောင်းအရွှေ့အသုံးစရိတ်ကို အကန့်အသတ်နဲ့သာ ထုတ်ပေးဖွယ်ရှိနေပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ ကစားသမားအချို့ကိုရောင်းချပြီး ရရှိလာတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ကစားသမားအင်အားကို ပြန်လည်ဖြည့်တင်းဖို့ရှိနေတာဖြစ်ပါတယ်။