မနေ့က အင်္ဂလန်(၂-ဝ)အယ်လ်ဘေးနီးယား ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်အသင်းကို သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြတူချယ်လ်ဟာ ဒီပွဲမှာ တောင်ပံကစားသမားတွေအဖြစ် အသုံးပြုခဲ့တဲ့ ရပ်ရှ်ဖိုဒ့်နဲ့ ဖိုဒန်ဆီကနေ အခုပုံစံထက် ပိုပြီးလိုချင်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ သတိပေးခဲ့ပါတယ်။

တူချယ်လ်ဟာ ရပ်ရှ်ဖိုဒ့်နဲ့ ဖိုဒန်ကို အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့ပေမယ့် ပွဲချိန်(၇၄)မိနစ်မှာ သူတို့နှစ်ဦးစလုံးကို ဂေါ်ဒွန်၊ ဘိုဝင်တို့နဲ့ လူစားလဲခဲ့တာပါ။

ရပ်ရှ်ဖိုဒ့်နဲ့ ဖိုဒန်တို့ဟာ ဒီပွဲမှာ ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိသလို သူတို့နှစ်ဦးရဲ့စွမ်းဆောင်ရည်ကို နည်းပြတူချယ်လ်က နှစ်သက်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အင်္ဂလန်အသင်းနည်းပြတူချယ်လ်က တိုက်စစ်နေရာတွေမှာ သူတို့နှစ်ဦးရဲ့တစ်ဦးချင်း စွမ်းဆောင်ရည်တွေကို ပိုပြီးမြင်တွေ့ချင်တယ်လို့ ဆိုခဲ့တာပါ။

ဒါ့အပြင် အင်္ဂလန်အသင်းနည်းပြတူချယ်လ်က အသင်းအနေနဲ့ ပိုကောင်းအောင်လုပ်နိုင်သလို ပိုပြီးကောင်းအောင်လည်း လုပ်ရမယ်လို့ ပြောခဲ့တာပါ။ အင်္ဂလန်အသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးအများအပြားရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးပြတ်နိုင်ပွဲမရခဲ့ပေမယ့် အယ်လ်ဘေးနီးယားအသင်းကို ဂိုးပေါက်တည့်မှု(၁)ကြိမ်မှမရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နောက်ထပ်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ်(၂၅)ရက်မှာ လတ်ဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။